Vīthimutta (Bumi)

ဒုတိယဆင့် ၀ီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ၃၁-ဘုံ သံသရာဝယ် အရိယာပုဂ္ဂိုလ်များ ဖြစ်ခြင်းမရှိသော ဘုံများကိုသာ ဖော်ပြပြီးလျှင် တစ်ဘဝတွင်း၌ တူမြဲတရားသုံးပါး ကိုလည်း ရေတွက်ပြပါ။
၃၁-ဘုံ သံသရာဝယ် အရိယာပုဂ္ဂိုလ်များဖြစ်ခြင်း မရှိသော ဘုံများမှာ –
(၁) အပါယ် = ၄ဘုံ
(၂) အသညသတ် = ၁ဘုံ


ပေါင်း ၅ဘုံ ဖြစ်ပါသည်။

တစ်ဘဝအတွင်း၌ တူမြဲတရား သုံးပါးမှာ –
ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်တို့ ဖြစ်ကြပါသည်။

၂။ အကျိုးပေးရာ ကာလအားဖြင့် ကံလေးပါးတို့ကို ဖြေဆိုပြီးလျှင် ရှင်ဒေဝဒတ် မြေမြိုခံရခြင်းသည် မည်သည့်ကံဖြစ် သည်ကိုလည်း ရှင်းလင်းပြပါ။
အကျိုးပေးရာ ကာလာအားဖြင့် ကံလေးပါး (ဝါ) ပါကကာလစတုက္ကမှာ –
(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ
(၂) ဥပပဇ္ဇဝေဒနီယကံ
(၃) အပရာပရိယာယဝေဒနီယကံ
(၄) အဟောသိကံ တို့ဖြစ်ကြပါသည်။

ရှင်ဒေဝဒတ်သည် မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကို သင်းခွဲခြင်းဖြစ်သည့် ပဉ္စာနန္တရိယကံ နှစ်ပါး (ဂရုကံ)ကို ကျူးလွန်ခဲ့၍ ယခု မျက်မှောက် ဘဝ၌ မြေမြိုခံရခြင်းသည် ပါကလာလစတုက္ကအရ ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပါသည်။

၃။ သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို စိတ်အားဖြင့် ပြစ်မှားနေသူသည် (က) မည်သည့် ဒုစရိုက်ကို ကျူးလွန်ရာ ရောက်ပါသနည်း။ (ခ) ယင်းသို့ ဒုစရိုက် မဖြစ်ဘဲ သုစရိုက်ဖြစ်လာရန် မည်သို့ ပြုသင့်ပါသနည်း။ အသီးသီး ဖြေဆိုပါ။
သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို စိတ်အားဖြင့် ပြစ်မှားနေသူသည် –
(က) ဗျာပါဒ မနောဒုစရိုက်ကို ကျူးလွန်ရာ ရောက်ပါသည်။
(ခ) ယင်းသို့ (ဗျာပါဒ) မနောဒုစရိုက် မဖြစ်ပွားစေဘဲ (အဗျာပါဒ) မနောသုစရိုက်ဖြစ်ရန် သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို စိတ်ဖြင့်ပင် မကြံစည်၊ မတောင့်တမိအောင် ဗျာပါဒ (ဒေါသ)၏ ဆန့်ကျင်ဘက် အဗျာပါဒ (အဒေါသ) ဖြစ်စေရန် ကြိုးစားရပါမည်။ (အဗျာပါဒ – အဒေါသဟူသည် ဒုက္ခိတ – သုခိတ သတ္တဝါပညတ်အပေါ် အာရုံပြု၍ ကောင်းစေလိုခြင်း၊ ချစ်ခြင်း၊ အကျိုးလိုလားခြင်း၊ မေတ္တာ သဘောလည်း ဆောင်ပါသည်။)

၎။ ဘဝတစ်ခု၏ (က) ပထမစိတ်နှင့် (ခ) နောက်ဆုံးစိတ်တို့ကိုလည်း အဘိဓမ္မာဝေါဟာရဖြင့် ဖော်ပြပြီးလျှင် (ဂ) ထိုစိတ်တို့၏ အာရုံကိုလည်း ပြည့်စုံအောင် ဖော်ပြပါ။
ဘဝတစ်ခု၏ –
(က) ပထမစိတ်မှာ = ပဋိသန္ဓေစိတ် ဖြစ်ပါသည်။
(ခ) နောက်ဆုံးစိတ်မှာ = စုတိစိတ် ဖြစ်ပါသည်။
(ဂ) ထိုစိတ်တို့၏ အာရုံမှာ = လွန်ခဲ့သည့် ဘဝဟောင်း မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ၊ ကမ္မနိမိတ်နှင့် ဂတိနိမိတ်အာရုံတို့မှာ တစ်ပါးပါး ဖြစ်ပါသည်။

၁၉၉၀-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သုံးဆယ်တစ်ဘုံတွင် ပုထုဇဉ် မရှိသောဘုံ၊ အရိယာ မရှိသောဘုံ၊ နှစ်မျိုး ရှိသောဘုံ တို့ကို ခွဲခြားပြ၍၊ စာတုမဟာရာဇ်နတ်တို့၏ သက်တမ်းကိုလည်း လူတို့အရေအတွက်ဖြင့် ဖော်ပြခဲ့ပါ။
သုံးဆယ့်တစ်ဘုံတွင် –
(က) ပုထုဇဉ် မရှိသောဘုံ
သုဒ္ဓါဝါသ = ၅ဘုံ
(ခ) အရိယာ မရှိသောဘုံ
အပါယ်= ၄ဘုံ
အသညသတ် = ၁ဘုံ
(ဂ) နှစ်မျိုးလုံး ရှိသောဘုံ
ကာမသုဂတိ = ၇ဘုံ
(အသညသတ်နှင့် သုဒ္ဓါဝါသကြဉ်) ရူပ = ၁၀ပါး
အရူပ = ၄ဘုံ


ပေါင်း = ၃၁ဘုံ တို့ဖြစ်ပါသည်။

စာတုမဟာရာဇ်နတ်တို့၏သက်တမ်း = လူ့အရေအတွက်အားဖြင့် အနှစ် ၉သန်း။

၂။ ဤလောကတွင် သတ္တဝါတို့ကို ဖြစ်ပေါ်စေတတ်သော ပဋိသန္ဓေလေးမျိုးကို ထုတ်ပြ၍ စာဖြေသူသည် အဘယ်ပဋိသန္ဓေစိတ်ဖြင့် လူ့ဘဝ ရောက်လာခဲ့သည်ကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။
သတ္တဝါတို့ကို ဖြစ်ပေါ်စေတတ်သော ပဋိသန္ဓေလေးမျိုးမှာ –
(၁) အပါယ်ပဋိသန္ဓေ = ၁ပါး
(၂) ကာမသုဂတိပဋိသန္ဓေ = ၉ပါး
(၃) ရူပပဋိသန္ဓေ = ၆ပါး
(၄) အရူပပဋိသန္ဓေ = ၄ပါး


ပေါင်း = ၂၀ပါး ဖြစ်ပါသည်။

စာဖြေသူသည် ကာမသုဂတိ (လူ့ဘုံသား) လူစဉ်မီသူ ဖြစ်သဖြင့် ကာမသုဂတိ ပဋိသန္ဓေဖြစ်သော မဟာဝိပါက်စိတ် ၈ပါးမှ တစ်ပါးပါးဖြင့် လူ့ဘဝ ရောက်လာခဲ့ပါသည်။

၃။ နေ့စဉ်မပြတ် ဝတ်ထား၍ ဘုရားရှိခိုးခြင်းသည် မည်သည့်ကံဖြစ်ပါသနည်း။ ဖြေဆို၍ တစ်စုံတစ်ယောက်အား သူတစ်ပါး စည်းစိမ်ကို မတရား ယူလိုမှုနှင့် ပျက်စီးအောင် ကြံစည်မှုတို့ ဖြစ်ပွားအောင် ခိုင်းစေတတ်သော မူလတရားခံတို့ကိုလည်း ထုတ်ဖော်ပြခဲ့ပါ။
နေ့စဉ်မပြတ် ဝတ်ထား၍ ဘုရားရှိခိုးခြင်းသည် အာစိဏ္ဏကံ (ကုသိုလ်) ဖြစ်ပါသည်။

သူတစ်ပါး စည်းစိမ်ကို မတရားယူလိုမှု (အဘိဇ္ဈ) ဖြစ်ပွားအောင် ခိုင်းစေတတ်သော မူလတရားခံမှာ – လောဘ ဖြစ်ပါသည်။
သူတစ်ပါး ပျက်စီးအောင် ကြံစည်မှု (ဗျာပါဒ) ဖြစ်ပွားအောင် ခိုင်းစေတတ်သော မူလတရားခံမှာ – ဒေါသ ဖြစ်ပါသည်။

၎။ ရထားစက်ဘီးကံသို့ ဘဝသံသရာ အစဉ်မပြတ် လည်ပတ်ပုံကို ရှင်းပြ၍၊ ဘဝသံသရာအစဉ်ပြတ်၍ အလည်ရပ်အောင် အဘိဓမ္မာနည်းဖြင့် မည်သို့ ထိန်းအုပ်ရမည်ကိုလည်း နည်းညွှန်ခဲ့ပါ။
ဘဝသံသရာစက် လည်ပတ်ပုံ
ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိ၊ စုတိစိတ်တို့သည် အစဉ်အတိုင်း အဆက်ဆက်လည်၍ ဖြစ်သကဲ့သို့ ပဋိသန္ဓေနေစေသော အကြောင်းတရားများဖြစ်သည့် အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရ(ကံ) တရားများကို မပယ်နိုင်သေးသရွေ့ စုတိစိတ် ချုပ်ပြီးသည့်နောက်၌လည်း အသစ်သစ်သော ပဋိသန္ဓေ အစရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားသော ဘီး၏ လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် (ရဟန္တာမဖြစ်မချင်း) လည်၍ ဖြစ်ကြလေ၏။

ဘဝသံသရာစက်ပြပုံ
သံသရာစက်ပြတ်၍ အလည်ရပ်အောင်ကား – ပညာရှိသူ (တိဟိပုဂ္ဂိုလ်တို့သည်) ရှည်မြင့်စွာသော ကာလပတ်လုံး သီလဖြူစင်၊ ဓုတင်ကိုဖြည့်၊ သမာဓိလောင်း၊ ကောင်းသောအကျင့် ရှိကုန်သည်ဖြစ်၍ ထိုဝဋ်တရားတို့၏ မမြဲခြင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် ထင်စွာသိအောင် ဆင်ခြင် အားထုတ်တည်ရှိသော် နှောင်ဖွဲ့တတ်သောတဏှာ(သို့) ပဋိသန္ဓေ နေစေသော အကြောင်းအတရားများကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်တောက်နိုင်ပြီးလျှင် ခပ်သိမ်းသော ဝဋ်ဆင်းရဲတို့၏ ငြိမ်းရာ နိဗ္ဗာန်သို့ ဧကန်ရောက်ရပေတော့၏။

၁၉၉၁-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ကာမသုဂတိ ပဋိသန္ဓေစိတ်များကို ဖော်ပြ၍ နွား၊ ခွေး စသော တိရစ္ဆာန်တို့သည် အဘယ် ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေ နေခဲ့ကြသည်ကိုလည်း ရှင်းလင်းရေးသားပြပါ။
ကာမသုဂတိ ပဋိသန္ဓေစိတ်များကို ဖော်ပြ၍ နွား၊ ခွေး စသော တိရစ္ဆာန်တို့သည် အပါယ်ဘုံသားများဖြစ်၍ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်ဟူသည့် အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေ နေခဲ့ကြပါသည်။

၂။ ၃၁ဘုံတွင် သက်တမ်း မမြဲသော ပုဂ္ဂိုလ်များနှင့် သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်ကို သက်တမ်းနှင့်တကွ ဖော်ပြ ရေးသားခဲ့ပါ။
၃၁-ဘုံတွင် သက်တမ်းမမြဲသော ပုဂ္ဂိုလ်များမှာ –
– အပါယ် ၄-ဘုံသား
– လူ (လူ့ဘုံသား)
– ဘုမ္မဇိုးနတ်များ ဖြစ်ကြပါသည်။

သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်နှင့် သက်တမ်းမှာ –
နေဝသညာနာသညာယတန ဗြဟ္မာကြီးဖြစ်ပြီး၊ သက်တမ်းမှာ ကမ္ဘာပေါင်း (၈၄၀၀၀) ဖြစ်ပါသည်။

၃။ ဘုံဌာနအလိုက် အကျိုးပေးရသော ကံလေးပါးကို ထုတ်ဖော်ရေးသား၍၊ သန့်ရှင်းသော စေတနာ၊ သဒ္ဓါတရားဖြင့် ဤမေးခွန်းကို ဖြေဆိုနေသော စာဖြေပုဂ္ဂိုလ်၏ ကာမာဝစာရ ကုသိုလ်သည် အဘယ်ဘုံဌာန၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်ပါသနည်း။
ဘုံဌာနအလိုက် အကျိုးပေးသော ကံလေးပါး (တစ်နည်း) ပါကဌာနစတုက္ကမှာ –
(က) အကုသိုလ်ကံ = ၁၂ပါး
(ခ) ကာမာဝစရကုသိုလ်ကံ = ၈ပါး
(ဂ) ရူပါဝစရကုသိုလ်ကံ = ၅ပါး
(ဃ) အရူပါဝစရကုသိုလ်ကံ = ၄ပါး တို့ ဖြစ်ကြပါသည်။

သန့်ရှင်းသော စေတနာ၊ သဒ္ဓါတရားဖြင့် ဤမေးခွန်းကို ဖြေဆိုနေသော စာဖြေပုဂ္ဂိုလ်၏ (တိဟိတ်ဥက္ကဋ္ဌ) ကာမာဝစရကုသိုလ်ကံသည် –
ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ပါး တည်းဟူသော ပဋိသန္ဓေအကျိုးကို ပေးနိုင်ပါသည်။

၎။ သတ္တဝါတို့ သေဆုံးခြင်း၏ အကြောင်းတရား လေးပါးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြရေးသား၍၊ လူတစ်ယောက် သေဆုံးသည်ဆိုရာ၌ အဘိဓမ္မာသဘောအားဖြင့် အဘယ်သို့ ဖြစ်ပျက် သည်ကို သေဆုံးသည်ဟု ခေါ်ဆိုပါသနည်း။ သင်္ဂြိဟ်ကျမ်းကို ထောက်၍ ဖြေဆိုခဲ့ပါ။
သတ္တဝါတို့၏ သေဆုံးခြင်း၏ အကြောင်းတရား လေးပါးကို အဓိပ္ပာယ်နှင့်တကွ ဖော်ပြရသော် –
(၁) အာယုက္ခယ မရဏ = အသက်တမ်းကုန်မှုကြေင့် သေရခြင်း။
(၂) ကမ္မက္ခယ မရဏ = ကံစွမ်းကုန်မှုကြောင့် သေရခြင်း။
(၃) ဥဘယက္ခယ မရဏ = အသက်တမ်းနှင့် ကံစွမ်း ၂ပါးကုန်၍ သေရခြင်း။
(၄) ဥပစ္ဆေဒက မရဏ = (အသက်တမ်းနှင့် ကံစွမ်းမကုန်သေးသော်လည်း) ကံဆိုးဖြတ်ချွေ၍ သေချိန်မရောက်သေးဘဲ လတ်တလော သေရခြင်း တို့ဖြစ်ပါသည်။

အဘိဓမ္မာသဘောအရ လူတစ်ယောက် သေဆုံးခြင်းဆိုသည်မှာ –
သေရဖို့ အလွန်နီးကပ်နေသော သတ္တဝါအား ဝီထိစိတ်၏ အဆုံး၌ဖြစ်စေ၊ ဘဝင်စိတ်အကုန်၌ဖြစ်စေ၊ လက်ရှိပစ္စုပ္ပန်ဘဝ၏ အဆုံးသတ်ဖြစ်သော စုတိစိတ် ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျက်သွားပါသည်။ ယင်းသို့ ချုပ်ပျက်သွားခြင်းကို စုတေသည် သေသည် ဟု ဆိုရခြင်း ဖြစ်ပါသည်။
(မှတ်ချက် ။ ဝီထိမုတ်ပိုင်းအရ ဖြေဆိုပုံ ဖြစ်ပါသည်။
ရုပ်ပိုင်းအရ ဖြေဆိုပုံကို ရုပ်ပိုင်း၌ ကြည့်ပါ။)

၁၉၉၂-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သူတစ်ပါး သားပျို၊ သမီးပျိုများနှင့် လူမှုရေး ဖောက်ပြန်ခြင်းသည် မည်သည့် အကုသိုလ်ကံ ဖြစ်ပါသနည်း။ ဖြေဆို၍ ယင်းကံ၏ ပဋိသန္ဓေအကျိုးပေးရာ ဘုံဌာနကိုလည်း ဖော်ပြပါ။
သူတစ်ပါး သားပျို၊ သမီးပျိုများနှင့် လူမှုရေး ဖောက်ပြန်ခြင်းသည် –
ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံ ဖြစ်ပါသည်။
ယင်းကံ၏ ပဋိသန္ဓေ အကျိုးပေးရာ ဘုံဌာနမှာ – အပါယ် ၄ဘုံ ဖြစ်ပါသည်။

၂။ ဒါနပြုရုံ၊ သီလဆောက်တည်ရုံမျှဖြင့် မရရှိနိုင်ဘဲ ဘာဝနာတရား ပွားများအားထုတ်မှသာ ရရှိနိုင်သည့် ကုသိုလ်ကံများကို ရေတွက်ပြ၍ မဟာဗြဟ္မာကြီး ဖြစ်လိုသူသည် မည်သည့်တရားကို ပွားများရပါမည်နည်း။ သင်္ဂြိုဟ်ကျမ်း ထောက်ရှု၍ ဖြေဆိုပါ။
ဘာဝနာတရား ပွားများအားထုတ်မှသာ ရရှိနိုင်သည့် ကုသိုလ်ကံများမှာ –
ရူပကုသိုလ်ကံ = ၅ပါး
အရူပကုသိုလ်ကံ = ၄ပါး


ပေါင်း – မဟဂ္ဂုတ်ကုသိုလ်ကံ = ၉ပါး တည်းဟူသော ဈာန်ကုသိုလ် ဖြစ်ပါသည်။
(တစ်နည်း)
သမထဘာဝနာတရား ပွားများ အားထုတ်ခြင်းဖြင့် မဟဂ္ဂုတ်ကုသိုလ်ကံ ၉ပါးနှင့် ဝိပဿနာ ဘာဝနာတရား ပွားများအားထုတ်ခြင်းဖြင့် လောကုတ္တရာကုသိုလ်ကံ ၄ပါးတို့ကို ရရှိစေနိုင်ပါသည်။

မဟာဗြဟ္မာကြီး ဖြစ်လိုသူသည် –
ရူပါဝစရ ပထမဈာန် ကုသိုလ်တရးကို ပဏီတဖြစ်အောင် ပွားများ အားထုတ်မှသာ ရရှိနိုင်ပါသည်။

၃။ သက်ရှိသတ္တဝါအားလုံးတို့၏ ဘဝနိဒါန်း စတင်ချိန်ကဖြစ်သော စိတ်၊ ဘဝနိဂုံး အဆုံးသတ်ချိန်၌ဖြစ်သော စိတ်နှင့် ဘဝ၏ အင်္ဂါရပ်တစ်ခုဖြစ်သော စိတ်တို့ကို သိသာရုံမျှ ဖော်ညွှန်းပြ၍၊ ပဋိသန္ဓေ ဟူသော စကားကို အဘိဓမ္မာသဘောအရ ရှင်းပြပါ။
သက်ရှိသတ္တဝါအားလုံးတို့၏ –
ဘဝနိဒါန်း စတင်ချိန်မှာ ဖြစ်သောစိတ် = ပဋိသန္ဓေစိတ်
ဘဝနိဂုံး အဆုံးသတ်ချိန်၌ ဖြစ်သောစိတ် = စုတိစိတ်
ဘဝ၏ အင်္ဂါရပ်တစ်ခုဖြစ်သောစိတ် = ဘဝင်စိတ် တို့ဖြစ်ပါသည်။

ပဋိသန္ဓေ ဟူသော စကားကို အဘိဓမ္မာသဘောအရ ရှင်းပြရသော် –
ရှေ့နောက်ဖြစ်သော ဘဝအထူး (ဘဝဟောင်းနှင့် ဘဝသစ်)ကို တစပ်တည်းကဲ့သို့ ဆက်စပ်ပေးတတ်သော သဘောကို ဆိုလိုပါသည်။

၎။ သတ္တဝါများ သေခါနီးကာလ၌ ထင်လာတတ်သည့် နိမိတ်(၃)မျိုးကို ဖော်ပြ၍ လူသားများ သေလျှင် ရောက်နိုင်သည့် ဘုံဘဝတို့ကိုလည်း ဖြေဆိုပါ။
သတ္တဝါများ သေခါနီးကာလ၌ ထင်လာတတ်သည့် နိမိတ် (၃)မျိုးမှာ –
– ကံ
– ကမ္မနိမိတ်နှင့်
– ဂတိနိမိတ် တို့ဖြစ်ပါသည်။

လူသားများ သေလျှင် ရောက်နိုင်သည့် ဘုံဘဝမှာ –
သုဂတိအဟိတ်နှင့် ဒွိဟိတ်ပုဂ္ဂိုလ်များ သေလျှင် = ကာမ ၁၁-ဘုံ
တိဟိတ်ပုဂ္ဂိုလ်များ သေလျှင် = ၃၁ဘုံသို့ ရောက်နိုင်ပါသည်။

၁၉၉၃-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သုံးဆယ့်တစ်ဘုံတွင် အနာဂါမ်၊ ရဟန္တာတို့သာ သီးသန့်ရရှိအပ်သည့်ဘုံကို ကောက်ပြ၍၊ မွေးရာပါ ဆွံ့အသူများ၏ ပဋိသန္ဓေစိတ်ကိုလည်း ညွှန်ပြခဲ့ပါ။
သုံးဆယ့်တစ်ဘုံတွင် အနာဂါမ်၊ ရဟန္တာတို့သာ သီးသန့်ရရှိအပ်သည့်ဘုံမှာ –
(၁) အဝိဟာဘုံ
(၂) အတပ္ပါဘုံ
(၃) သုဒဿဘုံ
(၄) သုဒဿီဘုံ
(၅) အကနိဋ္ဌဘုံ တည်းဟူသော သုဒ္ဓါဝါသ (၅)ဘုံ ဖြစ်ပါသည်။

၂။ စာဖြေသူသည် မည်သည့်ဘုံသား ဖြစ်ပါသနည်း။ သက်တမ်းပမာဏ မည်မျှရှိပါသနည်း။ ပြည့်စုံအောင် ဖြေဆို၍ သိကြားမင်း သက်တမ်းကိုလည်း လူသားတို့၏ နှစ်အရေအတွက်ဖြင့် ဖော်ပြခဲ့ပါ။
စာဖြေသူသည် လူ့ဘုံသား ဖြစ်ပါသည်။

လူ့ဘုံသားတို့၏ သက်တမ်းမှာ အတည်တကျ ပုံသေ သတ်မှတ်၍ မရသဖြင့် စာဖြေသူ၏ သက်တမ်းပမာဏကို အတိတကျ မသတ်မှတ်နိုင်ပါ။ ယခုခေတ်ကာလလူ့ဘုံသားတို့၏ ပျမ်းမျှသက်တမ်းမှာမူ ၇၅နှစ်ခန့် ရှိပါသည်။
သိကြားမင်း (တာဝတိံသာနတ်)၏ သက်တမ်းကို လူသားတို့၏ နှစ်အရေအတွက်ဖြင့် ဖော်ပြရသော် နှစ်ပေါင်း ၃၆သန်း သက်တမ်း ရှိပါသည်။

၃။ လောကတွင် ကံကောင်း ထောက်မ ချမ်းသာရ၊ ကံဆိုး မိုးမှောင် ဆင်းရဲခေါင်ဟူသော ဆိုရိုးစကားတို့သည် မည်သည့်ကံကို ဆိုလိုပါသနည်း။ ရှင်းလင်းရေးသား၍ မကောင်းမှု ဒုစရိုက်များ ကျူးလွန်အောင် အားပေးသော အရင်းခံ တရားများကိုလည်း ထုတ်ဆောင်ရေးသားခဲ့ပါ။
လောကတွင် ကံကောင်းထောက်မ ချမ်းသာရ ဟူသော ဆိုရိုးစကားသည် … ကုသိုလ်-ဥပတ္ထမ္ဘကကံကို ဆိုလိုပါသည်။
(အဘယ်ကြောင့်ဆိုသော် ကံတစ်ပါးကိုလည်းကောင်း၊ ကံတစ်ပါးကြောင့် ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းစေရန် ကပ်၍ နှိပ်စက်တတ်သော ကံသည် ဥပပီဠကကံ မည်ခြင်းကြောင့် မူလ ကုသိုလ်ဇနက ကံကို ပိုမို ချမ်းသာစေရန် ထောက်ပံ့နိုင်စွမ်းရှိသည့် ကုသိုလ် ဥပတ္ထမ္ဘကကံကို ယူရခြင်း ဖြစ်ပါသည်။

ကံဆိုးမိုးမှောင် ဆင်းရဲခေါင် ဟူသော ဆိုရိုးစကားသည် … အကုသိုလ် ဥပပီဠကကံကို ဆိုလိုပါသည်။
(အဘယ်ကြောင့်ဆိုသော် ကံတစ်ပါးကိုလည်းကောင်း၊ ကံတစ်ပါးကြောင့် ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းစေရန် ကပ်၍ နှိပ်စက်တတ်သောကံသည် ဥပပီဠကကံ မည်ခြင်းကြောင့် မူလ ကုသိုလ်ဇနက ကံကို ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းစေရန် (ဆင်းရဲစေရန်) ကပ်၍ နှိပ်စက်တတ်သော အကုသိုလ် ဥပပီဠကကံကို ယူရခြင်း ဖြစ်ပါသည်။

မကောင်းမှု ဒုစရိုက်များ ကျူးလွန်အောင် အားပေးသော အရင်းခံတရားများမှာ –
လောဘ၊ ဒေါသ၊ မောဟ ဟူသော မူလတရား ၃ပါး ဖြစ်ပါသည်။
(မှတ်ချက်။ ကံမြောက်ကြောင်း တရားများ ဟု မေးလျှင်လည်း အထက်ပါအတိုင်း ဖြေပါ။)

၁၉၉၄-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ယာမာနတ်တို့၏ ပဋိသန္ဓေစိတ်ကို ဖော်ပြ၍ ပရိတ္တာဘာဗြဟ္မာ၏ သက်တမ်းနှင့် အတိတ်ကုသိုလ်ကံတို့ကိုလည်း ဖြေဆိုပါ။
ယာမာနတ်တို့၏ ပဋိသန္ဓေစိတ် = မဟာဝိပါက်စိတ် ၈ပါးမှ တစ်ပါးပါး ဖြစ်ပါသည်။
ပရိတ္တာဘာဗြဟ္မာ၏ သက်တမ်းမှာ = မဟာကပ် ၂ကပ် (ဝါ) ၂ကမ္ဘာဖြစ်ပါသည်။
ပရိတ္တာဘာဗြဟ္မာ၏ အတိတ်ကုသိုလ်ကံမှာ = ပရိတ္တဖြစ်သော ဒုတိယဈာန်နှင့် တတိယဈာန် ကုသိုလ်ကံတို့ ဖြစ်ပါသည်။

၂။ ဝစီကံမည်ခြင်းအကြောင်းကို ရေး၍ အသက်သတ်မှု၊ လိမ်ညာမှု၊ အယူမှားမှုများသည် မည်သည့် အကြောင်းရင်းမူလ တရားကြောင့် ဖြစ်ရသနည်း။ ညွှန်ပြပါ။
ဝစီကံ = (ဝစီဝိညတ်)ဟု ဆိုအပ်သော ဝစီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့် ဝစီကံ မည်ပါသည်။
အသက်သတ်မှု၏ မူလတရားမှာ = ဒေါသတရား ဖြစ်ပါသည်။
လိမ်ညာမှု၏ မူလတရားမှာ = ရံခါ၊ လောဘ၊ ရံခါ ဒေါသတရား ဖြစ်ပါသည်။
အယူမှားမှု၏ မူလတရားမှာ = လောဘတရား ဖြစ်ပါသည်။

၃။ ရုပ်ပဋိသန္ဓေနေသူ၊ နာမ်ပဋိသန္ဓေနေသူ၊ ရုပ်နာမ်အစုံ ပဋိသန္ဓေနေသူများကို သိသာရုံမျှ ခွဲခြားဖော်ပြ၍၊ အိမ်၌ မွေးထားသော ကြောင်ကလေးသေလျှင် ရောက်နိုင်ခွင့် ရှိသော ဘုံများကိုလည်း ရေးပါ။
ရုပ်ပဋိသန္ဓေနေသူ = အသညသတ်ဗြဟ္မာ၊
နာမ်ပဋိသန္ဓေနေသူ = အရူပဗြဟ္မာ၊
ရုပ်နာမ်အစုံ ပဋိသန္ဓေနေသူ = ကာမ ၁၁ဘုံသားနှင့် အသညသတ် ကြဉ်သော ရူပ ၁၅ဘုံသားတို့ ဖြစ်ပါသည်။
အိမ်၌ မွေးထားသော ကြောင်ကလေး သေလျှင် ရောက်နိုင်ခွင့်ရှိသော ဘုံများမှာ – ကာမ ၁၁ဘုံ ဖြစ်ပါသည်။

၁၉၉၅-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သုံးဆယ်တစ်ဘုံဌာနဝယ် –
(က) ပုထုဇဉ်တို့ သီးသန့်ဘုံဌာန
(ခ) အရိယာတို့၏ သီးသန့်ဘုံဌာန
(ဂ) အသက်အရှည်ဆုံးဗြဟ္မာ
(ဃ) ယင်းဗြဟ္မာ၏သက်တမ်းတို့ကို ဖော်ပြပါ။

သုံးဆယ်တစ်ဘုံဌာနဝယ် –
(က) ပုထုဇဉ်တို့ သီးသန့်ဘုံဌာန = အပါယ် ၄-ဘုံ + အသညသတ်ဘုံ
(ခ) အရိယာတို့၏ သီးသန့်ဘုံဌာန = သုဒ္ဓါဝါသ ၅-ဘုံ
(ဂ) အသက်အရှည်ဆုံးဗြဟ္မာ = နေဝသညာနာသညာယတနဗြဟ္မာ
(ဃ) ယင်းဗြဟ္မာ၏သက်တမ်း = ကမ္ဘာပေါင်း (၈၄၀၀၀)

၂။ စိတ်ဝိညာဉ်မဲ့ ဗြဟ္မာကြီးတို့၏ ဘဝနိဒါန်းအစ ပဋိသန္ဓေဓမ္မကို ဖော်ပြ၍ မိမိပြုလုပ်သော ကောင်းမှုကုသိုလ်များသည် ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်ပုံကိုလည်း ပါကကာလကံ အပြားကို သုံးသပ်၍ ဖြေဆိုပါ။
စိတ်ဝိညာဉ်မဲ့ ဗြဟ္မာကြီးတို့၏ ဘဝနိဒါန်းအစ ပဋိသန္ဓေဓမ္မမှာ – ဇီဝိတနဝကကလာပ် ရုပ်ပဋိသန္ဓေ ဖြစ်ပါသည်။
မိမိပြုလုပ်သော ကောင်းမှုကုသိုလ်များသည် ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်ပုံကိုလည်း ပါကကာလက အပြားကို သုံးသပ်၍ ဖြေဆိုရသော် –
ပါကာလစတုက္က အရ ကံ ၄ပါး အပြားရှိပါသည်။ ၎င်းတို့မှာ –
(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ = ယခု မျက်မှောက်ဘဝ၌ အကျိုးပေးသောကံ၊
(၂) ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ၌ အကျိုးပေးသောကံ၊
(၃) အပရာပရိယာယဝေဒနီယကံ = တတိယဘဝမှ နိဗ္ဗာန်မရမချင်း
(၄) အဟောသိကံ = အကျိုးမပေးသုဉ်းဆိတ်သောကံ ဟူ၍ ဖြစ်ကြပါသည်။

၎င်းတို့အနက် ဒိဋ္ဌဓမ္မဝေဒနီယကံ ဟူသည် အာသေဝနပစ္စည်းမရ၊ အားနည်း၍ ဘဝတစ်ပါး၌ အကျိုးမပေးနိုင်ဘဲ မျက်မှောက်ဘဝ၌သာ အကျိုးပေးနိုင်သော ပထမဇော စေတနာကံမျိုး ဖြစ်သောကြောင့် မိမိပြုလုပ်သော ကောင်းမှုကုသိုလ်များသည် ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်ပါကြောင်း ဖြေဆိုအပ်ပါသည်။

၃။ ဤကမ္ဘာမြေပြင်ဝယ် စစ်ပွဲကြီးများ ပေါ်ပေါက်ခြင်း မိစ္ဆာအယူ ထွန်းကားခြင်းတို့၏ အကြောင်းရင်း ဇစ်မြစ်ကို ရှာဖွေပြ၍၊ ရုပ်ခန္ဓာမဲ့ဗြဟ္မာကြီးများ၏ ပဋိသန္ဓေစိတ်ဝိညာဉ်သည် အဘယ်ကို အာရုံပြုပါသနည်း။ တိကျစွာ ဖြေဆိုပါ။
ဤကမ္ဘာမြေပြင်ဝယ် စစ်ပွဲကြီးများ ပေါ်ပေါက်ခြင်း၏ အကြောင်းရင်း ဇစ်မြစ်မှာ – ဒေါသမူလတရားကြောင့် ဖြစ်၍၊
မိစ္ဆာအယူထွန်းကားခြင်းတို့၏ အကြောင်းရင်း ဇစ်မြစ်မှာ –
လောဘမူလတရားကြောင့် ဖြစ်ပါသည်။

ရုပ်ခန္ဓာမဲ့ (အရူပ)ဗြဟ္မာကြီးများ၏ ပဋိသန္ဓေစိတ် ဝိညာဉ်သည် အောက်ပါအတိုင်း အာရုံပြုပါသည်။
ပဋိသန္ဓေစိတ် ၊ ကမ္မနိမိတ်အာရုံ
အာကာသာနဉ္စာယတနဝိပါက်စိတ် ၊ ကောင်းကင်ပညတ်
ဝိညာဏဉ္စာယတနဝိပါက်စိတ် ၊ ပထမာရုပ္ပဝိညာဉ် (မဟဂ္ဂုတ်)
အာကိဉ္စာညာယတနဝိပါက်စိတ် ၊ နတ္ထိဘောပညတ်
နေဝသညာနာသညာယတနဝိပါက်စိတ် ၊ တတိယာရုပ္ပဝိညာဉ် (မဟဂ္ဂုတ်)

၁၉၉၆-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ လူရာမဝင် လူစဉ်မမီသူတို့၏ ဘဝအစ ဦးစွာဖြစ်သော စိတ်ကို ဖော်ပြ၍၊ သက်တမ်းကာလ အတည်တကျ သတ်မှတ်မရနိုင်သော ဘုံသားများကိုလည်း ဖော်ပြပါ။
လူရာမဝင် လူစဉ်မမီသူတို့၏ ဘဝအစ ဦးစွာဖြစ်သောစိတ်မှာ –
အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်တည်းဟူသော ပဋိသန္ဓေစိတ် ဖြစ်ပါသည်။

သက်တမ်းကာလ အတည်တကျ သတ်မှတ်မရနိုင်သော ဘုံသားများမှာ –
(၁) အပါယ် ၄ဘုံသား
(၂) လူ့ဘုံသား၊
(၃) စာတုမဟာရာဇ်ဘုံမှ ဘုမ္မဇိုးနတ် တို့ဖြစ်ကြပါသည်။

၂။ နှစ်ဦးအခါဝယ် ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း စသည့် ပြုလုပ်မှုများသည် မည်သည့် ကောင်းမှုကုသိုလ်ကံ ဖြစ်သည်ကို ဖြေဆို၍၊ ယင်းကံ၏ အကျိုးပေးရာဘုံကိုလည်း အခါအားလျော်စွာ အသီးသီး သတ်မှတ်ပြပါ။
နှစ်ဦးအခါဝယ် ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း စသည့် ပြုလုပ်မှုများသည် –
အပစာယန၊ ဝေယျာဝေစ္စကုသိုလ်ဖြစ်သော (သီလ) ကာမကုသိုလ်ကံ ဖြစ်ပါသည်။ (မဟာကုသိုလ်စိတ် ၈ပါး၌ ယှဉ်သော စေတနာကို ရ၏)

ဤကာမကုသိုလ်ကံ၏ အကျိုးပေးရာဘုံတို့မှာ –
ပဋိသန္ဓေအခါ၌ = ကာမသုဂတိ ၇ဘုံ
ပဝတ္တိအခါ၌ =ကာမ ၁၁ဘုံနှင့် (အသညသတ်ကြဉ်သော) ရူပ ၁၅ဘုံ တို့ဖြစ်ပါသည်။

၃။ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ဟူသော အဘိဓမ္မာ ဝေါဟာရတို့၏ သဘောသွားကို ရှင်းလင်းပြ၍၊ ယခုဘဝသေပြီး နောက်ဘဝမရှိဟု အယူသီးတို့၏ဝါဒကိုလည်း သင်္ဂဟနှင့် အညီ ပယ်ချပြပါ။
ပဋိသန္ဓေ = ဘဝဟောင်းနှင့် ဘဝသစ်ကို ပြတ်တောက်မသွားအောင် ဆက်စပ်ပေးခြင်း သဘော၊
ဘဝင် = ရရှိပြီးသော ဘဝကို တည်တံ့အောင် စောင့်ရှောက်ပေးသော သဘော၊ ဘဝ၏ အကြောင်းအင်္ဂါ၊
စုတိ = ရရှိပြီးသော ဘဝမှ လျှောကျပျက်စီး၊ သေဆုံးခြင်းသဘောတို့ ဖြစ်ပါသည်။

ယခုဘဝ သေပြီး၊ နောက်ဘဝမရှိဟု အယူသိးသူတို့၏ ဝါဒကို (ဝီထိမုတ်ပိုင်း) သင်္ဂဟနှင့်အညီ ပယ်ချပြရသော် –
(၁) စုတိစိတ် ချုပ်ပြီးနောက်၌ (ရဟန္တာ မဖြစ်သေး၍ ဘဝဇာတ် မသိမ်းသေးလျှင်) ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟူသော စိတ်တို့သည် ရထား၌ တပ်ထားအပ်သော စက်ဘီး၏ လည်ပုံကဲ့သို့ ဆက်ကာဆက်ကာ မပြတ် ဖြစ်ပြန်သည် ဟူ၍လည်းကောင်း၊
(၂) ဤပစ္စုပ္ပန်ဘဝ၌ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိ၊ စုတိများ ဆက်ကာဆက်ကာ ဖြစ်ကြသကဲ့သို့ နောက်ဘဝ၌်လည်း ဤနည်းအတိုင်း (နိဗ္ဗာန်မရမခြင်း) ဖြစ်ပြန်လေသည်ဟူ၍ လည်းကောင်း၊
(၃) ဟောထားချက်ကို ထောက်ဆခြင်းအားဖြင့် ယခုဘဝသေပြီး နောက်ဘဝ မရှိဟူသော အယူသီးသူတို့၏ ဝါဒကို သင်္ဂဟနှင့်အညီ ပယ်ချပြအပ်ပါသည်။

၎။ ပုဂ္ဂိုလ်သတ္တဝါမှန်သမျှ တွေ့ကြုံရမည့် သေခြင်းလေးမျိုးကို အဓိပ္ပါယ်ပါအောင် ဖြေဆို၍ –
ပုဂ္ဂိုလ်သတ္တဝါမှန်သမျှ တွေ့ကြုံမည့် သေခြင်းလေးမျိုးမှာ –
(၁) အာယုက္ခယ မရဏ = အသက်တမ်းကုန်၍ သေခြင်း၊
(၂) ကမ္မက္ခယ မရဏ = ကံစွမ်းကုန်၍ သေခြင်း၊
(၃) ဥဘယက္ခယ မရဏ = အသက်တမ်း၊ ကံစွမ်း ၂ပါးစုံကုန်၍ သေခြင်း၊
(၄) ဥပစ္ဆေဒက မရဏ = ကံဆိုးဖြတ်ချွေ၍ လတ်တလော သေခြင်းတို့ ဖြစ်ကြပါသည်။

၁၉၉၇-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သတ္တဝါတို့ကံအရ အမှန်တကယ် တည်ရှိနေသော ၃၁-ဘုံကို အကျဉ်းချုပ် ရေတွက်ပြ၍၊ (က) ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်များ မရနိုင်သောဘုံ၊ (ခ) အရိယာပုဂ္ဂိုလ်များ မရနိုင်သောဘုံ၊ (ဂ) အရိယာပုထုဇဉ် ပုဂ္ဂိုလ်နှစ်မျိုးလုံး မရနိုင်သောဘုံတို့ကို ခွဲခြားဖြေဆိုပါ။
သတ္တဝါတို့ကံအရ အမှန်တကယ် တည်ရှိနေသော ၃၁-ဘုံကို အကျဉ်းချုပ်ရေတွက် ပြရသော် –
ကာမ = ၁၁ဘုံ
ရူပ = ၁၆ဘုံ
အရူပ = ၄ဘုံ
ပေါင်း = ၃၁ဘုံ ဖြစ်ပါသည်။

(က) ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်များ မရနိုင်သောဘုံ
၁-အဝိဟာဘုံ
၂-အတပ္ပါဘုံ
၃-သုဒဿဘုံ
၎-သုဒဿီဘုံ
၅-အကနိဋ္ဌဘုံ ဟူသော သုဒ္ဓါဝါသ ၅ဘုံ ဖြစ်ပါသည်။

(ခ) အရိယာပုဂ္ဂိုလ်များ မရနိုင်သောဘုံ
၁-အပါယ် ၄-ဘုံ
၂-အသညသတ်ဘုံ ပေါင်း ၅-ဘုံ ဖြစ်ပါသည်။
(ဂ) အရိယာ၊ ပုထုဇဉ် ပုဂ္ဂိုလ်နှစ်မျိုးလုံး မရနိုင်သောဘုံ မရှိပါ။

၂။ ကမ္မဒွါရ၏ အစွမ်းဖြင့်ဖြစ်သော အကုသိုလ်ကံ၊ ၃မျိုးကို ရေးသားပြီး ထိုကံတို့၏ အကြောင်း တရားနှင့် အကျိုးပေးရာ ဘုံတို့ကိုလည်း ပဋိသန္ဓေ၊ ပဝတ္တိအားဖြင့် ပြည့်စုံစွာ ဖော်ပြပါ။
ကမ္မဒွါရ၏ အစွမ်းဖြင့်ဖြစ်သော အကုသိုလ်ကံ ၃မျိုးမှာ –
(က) ကာယဒွါရ၌ အဖြစ်များသော = ကာယကံကုသိုလ် ၃ပါး
(ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ)
(ခ) ဝစီဒွါရ၌ အဖြစ်များသော = ဝစီကံအကုသိုလ် ၄ပါး
(မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ)
(ဂ) မနောဒွါရ၌ အဖြစ်များသော = မနောကံ အကုသိုလ် ၃ပါး၊
(အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ) တို့ဖြစ်ကြပါသည်။

အကုသိုလ်ကံတို့၏ အကြောင်းတရားများ
(၁) ပါဏာတိပါတ၊ ဖရုသဝါစာနှင့် ဗျာပါဒသည် = ဒေါသမူလတရား
(၂) ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာနှင့် မိစ္ဆာဒိဋ္ဌိသည် = လောဘမူလတရား
(၃) အဒိန္နာဒါန၊ မုသာဝါဒ၊ ဝိသုဏဝါစာ၊ သမ္ဖပ္ပလာပသည် = ရံခါ လောဘမူလ၊ ရံခါဒေါသမူလကြောင့် ဖြစ်ပါသည်။

အကုသိုလ်ကံတို့၏ အကျိုးပေးရာဘုံ –
ပဋိသန္ဓေအခါ = ဥဒ္ဓစ္စမှတစ်ပါးသော အကုသိုလ်ကံ ၁၁ပါးသည် အပါယ်လေးဘုံ၌ ပဋိသန္ဓေအကျိုးပေးပါသည်။
ပဝတ္တိအခါ = ဥဒ္ဓစ္စနှင့်တကွ အကုသိုလ်ကံ ၁၂ပါးလုံးသည် ကာမ ၁၁ဘုံ၊ အသညသတ်ကြဉ်သော ရူပ ၁၅ဘုံ၊ ပေါင်း ၂၆ဘုံ၌ ပဝတ္တိအကျိုးကို ထိုက်သည့်အားလျော်စွာ ပေးပါသည်။

၃။ ဘုရားတည်၊ ကျောင်းဆောက်၊ ရှင်ပြု၊ ရဟန်းခံ စသည်ကို ပြုလုပ်သဖြင့် ရရှိသော ကုသိုလ်ကံသည် မည်သည့်ဘဝ၌ မည်သည့်အကျိုးဝိပါက်များကို ရရှိစေနိုင်ပါသနည်း။
ဘုရားတည်၊ ကျောင်းဆောက်၊ ရှင်ပြု၊ ရဟန်းခံ စသည်ကို ပြုလုပ်သဖြင့် ရရှိသော ကုသိုလ်ကံသည် ဒါနကုသိုလ် (တစ်နည်း) မဟာကုသိုလ်စေတနာ ၈ပါးမှ တစ်ပါးပါး ဖြစ်ပါသည်။

ဤကာမကုသိုလ်ကံ၏ အကျိုးပေးပုံမှာ –
ပဋိသန္ဓေအခါ = ကာမသုဂတိ ၇-ဘုံ၌ …
မဟာဝိပါက်စိတ် ၈ပါးနှင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ၁ပါး၊ ပေါင်း ၁၉ပါးတို့ကို ပေးပါသည်။

ပဝတ္တိအခါ = ကာမ ၁၁ဘုံနှင့် အသညသတ်ကြဉ်သော ရူပ ၁၅ဘုံတို့၌ … မဟာဝိပါက်စိတ် ၈ပါးနှင့် အဟိတ်ကုသလဝိပါက် စိတ် ၈ပါး ပေါင်း ၁၆ပါးတို့ကို ထိုက်သင့်သည့် အားလျော်စွာ ပေးပါသည်။

၁၉၉၈-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ကာမ ၁၁ဘုံကို ကောင်းသောလားရာဘုံ၊ မကောင်းသော လားရာဘုံအားဖြင့် ခွဲခြားဝေဖန်ပြ၍ စင်ကြယ်ဋ္ဌာန သုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေ နေနိုင်သော အရိယာတို့ကိုလည်း ဖော်ပြပါ။
ကာမ ၁၁ဘုံတွင်
ကောင်းသော လားရာဘုံ = ကာမသုဂတိ ၇ဘုံ
မကောင်းသော လားရာဘုံ = အပါယ် ၄ဘုံ

စင်ကြယ်ဌာန သုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေနေနိုင်သော အရိယာမှာ –
(သဒ္ဓါ ၊ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ လွန်ကဲသော) ရူပပဉ္စမဈာန်ရ အနာဂါမ်ဖိုလ်ပုဂ္ဂိုလ် တစ်မျိုးသာ ဖြစ်ပါသည်။

၂။ သက်တမ်းမမြဲသော ကာမပုဂ္ဂိုလ်တို့ကို ဖြေဆို၍ ဘဝတစ်ခု၌ တူမြဲတရားတို့ကိုလည်း ဖော်ပြပါ။
သက်တမ်းမမြဲသော ကာမပုဂ္ဂိုလ်မှာ –
(၁) အပါယ် ၄-ဘုံသား
(၂) လူဘုံသား
(၃) ဘုမ္မဇိုးနတ် တို့ဖြစ်ပါသည်။

ဘဝတစ်ခု၌ တူမြဲတရားတို့မှာ –
ပဋိသန္ဓေစိတ် ၊ ဘဝင်စိတ် နှင့် စုတိစိတ် တို့ဖြစ်ကြပါသည်။
(ပဋိသန္ဓေစိတ် ၊ ဘဝင်စိတ် ၊ စုတိစိတ် တို့သည် ဘူမိ ၊ ဇာတိ ၊ သမ္ပယုတ္တဓမ္မ ၊ သင်္ခါရ ၊ အာရုံ အားဖြင့် အလုံးစုံ တူညီကြကုန်သောကြောင့် ဘဝတစ်ခု၌ တူမြဲတရား သုံးပါးဟု ဆိုခြင်း ဖြစ်ပါသည်။

၃။ ဒါနကုသိုလ်ကံသည် နောင်သံသရာတွင်သာမက ယခုဘဝမှာပင် အကျိုးပေးနိုင်ပုံကို ရှင်းပြ၍ ၊ မကောင်းမှု အကုသိုလ်ကံ သုံးမျိုးတို့တွင် နောက်ဆုံးကံ၏ အဓိပ္ပာယ်ကိုလည်း စိတ်ဝယ်စွဲအောင် ရေးသားပြပါ။
ဒါနကုသိုလ်ကံသည် နောင်သံသရာတွင်သာမက ယခုဘဝမှာပင် အကျိုးပေးနိုင်ပုံကို ရှင်းပြရသော် –
အကျိုးပေးရာ အချိန်အခါ (ပါကကာလ) နှင့် ပတ်သက်၍ အောက်ပါအတိုင်း ကံ ၄-မျိုး ပြားပါသည်။

(၁) ဒိဋ္ဌိဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်သော ပထမဇောစေတနာ
(၂) ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ၌ အကျိုးပေးနိုင်သော သတ္တမဇောစေတနာ
(၃) အပရာပရိယာယဝေဒနီယကံ = တတိယဘဝမှ နိဗ္ဗာန်မရမီစပ်ကြား အခွင့်ရတိုင်း အကျိုးပေး နိုင်သော အလယ်ဇော ၅-ချက်စေတနာ
(၄) အဟောသိကံ = အကျိုးမပေးသောကံ တို့ဖြစ်ပါသည်။
ထို့ကြောင့် ဒါနကုသိုလ်ကံ ပြုလုပ်လျှင် ထိုဒါနကုသိုလ်သည် နောင်သံသရာတွင်သာမက ယခုဘဝမှာပင် အကျိုးပေးနိုင်ကြောင်း ထင်ရှားလှပါသည်။

မကောင်းမှု အကုသိုလ်ကံသည် ကာယကံ ၊ ဝစီကံ ၊ မနောကံ ဟူ၍ ၃-မျိုးရှိရာဝယ်
နောက်ဆုံးကံဖြစ်သော မနောကံ၏ အဓိပ္ပာယ်မှာ – ကာယဝိညတ် ၊ ဝစီဝိညတ်ကို ကြည်၍ မနောဒွါရ (စိတ်)၌သာ များသောအားဖြင့် ဖြစ်တတ်သောကြောင့် မနောကံ မည်ပါသည်။
မနောအကုသိုလ်ကံသည် အောက်ပါအတိုင်း ၃မျိုးရှိပါသည်။
(၁) အဘိဇ္ဈာ = သူပိုင်ဥစ္စာ ညွှန်မှု၊
(၂) ဗျာပါဒ = အသေတောင့်တမှု၊
(၃) မိစ္ဆာဒိဋ္ဌိ = အယူမှားမှု တို့ဖြစ်ပါသည်။

၎။ အသညသတ်ဘုံသို့ ရောက်ရန် နည်းလမ်းကို စည်းကမ်းတကျ ရေးသားပြ၍၊ ဘဝင်ဖြစ်ပုံကိုလည်း ဥပမာဆောင်ကာ ထင်အောင်ပြခဲ့ပါ။
အသညသတ်ဘုံသို့ ရောက်ရန် နည်းလမ်းကို စည်းကမ်းတကျ ရေးသားပြရသော် –
ရူပပဉ္စမဈာန်ကို ရပြီးသော ကာမဘုံသား ပုထုဇဉ်ပုဂ္ဂိုလ်သည် အမှတ်သညာရှိနေ (စိတ်၊ စေတသိက်ရှိနေ)သော ကြောင့်သာ စားချင်၊ သောက်ချင်၊ လိုင်ချင်မှု၊ ဒေါသဖြစ်မှု၊ မာနဖြစ်မှုတွေ ဖြစ်ရသည်၊ ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အေးမြငြိမ်းချမ်းဖွယ် ရှိသည် ဟူသော သညာစေတသိက်နှင့်တကွ စိတ်၊ စေတသိက်၊ အားလုံး အပေါ်မှာ များစွာ အပြစ်မြင်လျက် ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စား၏။ ထိုအခါ ပဉ္စမဈာန်စိတ်သည် သညာ (စိတ်၊ စေတသိက်အားလုံး)ကို စက်ဆုပ်ကာ သညာဝိရာဂ ဘာဝနာအဖြစ်သို့ ရောက်၏။ ထိုပုဂ္ဂိုလ် စုတေလျှင် သူ့အလိုကျ သညာမရှိသော အသညသတ်ဘုံသို့ ရောက်ရေလေသည်။

ဘဝင်ဖြစ်ပုံကို ဥပမာဆောင်ကာ ဖော်ပြရသော် –
ပဋိသန္ဓေတည်နေပြီးသော သတ္တဝါတို့မှ ပဋိသန္ဓေစိတ် ချုပ်ပြီးသည်၏ အခြားမဲ့မှစ၍ ထိုပဋိသန္ဓေ၏ အာရုံကိုပင် အာရုံပြု၍ ထိုပပဋိသန္ဓေစိတ်နှင့် အလားတူသော စိတ်သည်ပင် စုတိစိတ်ဖြစ်သည့်တိုင်အောင် (ပဋိသန္ဓေစိတ်နှင့် ဝီထိစိတ်တို့အကြား၌) ဝီထိစိတ်မဖြစ်ခဲ့သော် ဘဝင်ကိစ္စတပ်လျက် မြစ်ရေအလျဉ်ကဲ့သို့ ဘဝတစ်လျှောက်လုံး အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေပါသည်။
ဤသို့ ဖြစ်ပေါ်နေသောစိတ်သည် ဘဝ၏အကြောင်း ဖြစ်သောကြောင့် (တစ်နည်း) ဘဝမပြတ်အောင် ဆက်စပ် ပေးတတ်သောကြောင့် ဘဝင်စိတ် မည်ပါသည်။

၁၉၉၉-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ လူစဉ်မီသူနှင့် လူစဉ်မမီသူတို့ ဘဝအစ ပထမဦးဆုံးဖြစ်သော စိတ်ချင်း တူ/မတူ စိစစ်ဝေဖန်၍၊ တစ်ဘဝလုံး နာမ်တရားများ မဖြစ်သော ဗြဟ္မာများကိုလည်း ညွှန်ပြပါ။
လူစဉ်မီသူနှင့် လူစဉ်မမီသူတို့ ဘဝအစ ပထမဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း မတူကြပါ။
လူစဉ်မီသူ၏ ပဋိသန္ဓေစိတ်မှာ –
မဟာဝိပါက်စိတ် ၈ပါးဖြစ်သော သဟိတ်ကာမပဋိသန္ဓေဖြစ်ပြီး၊
လူစဉ်မမီသူ၏ ပဋိသန္ဓေစိတ်မှာ –
အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြစ်သော အဟိတ်ပဋိသန္ဓေ ဖြစ်ပါသည်။
တစ်ဘဝလုံး နာမ်တရား မဖြစ်သော ဗြဟ္မာများမှာ – အသညတ်သတ်ဗြဟ္မာများ ဖြစ်ပါသည်။
ရူပပဉ္စမဈာန်ရပုဂ္ဂိုလ်သည် ထိုပဉ္စမဈာန်ကိုပင် သညာဝိရာဂဘာဝနာ ပွားများအားထုတ်ပါက ၎င်းစုတေလျှင် သညာ (တစ်နည်း) နာမ်တရား လုံးဝမရှိသော အသညသတ်ဘုံ၌ အသညသတ်ဗြဟ္မာ ဖြစ်ပါသည်။

၂။ နှုတ်ဖြင့် သူတစ်ပါး သတ်ခိုင်းသော ပါဏာတိပါတကံကို ဝစီကံအကုသိုလ်ဟု ခေါ်နိုင်၊ မခေါ်နိုင် ဝေဖန်ပြ၍၊ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွား အစရှိသည်ဖြင့် ပြောဆိုသော ပြိန်ဖျင်းသော စကားများသည် မည်သည့် အကြောင်း မူလတို့ကြောင့် ဖြစ်သည်ကိုလည်း ရေးသားပြပါ။
နှုတ်ဖြင့် သူတစ်ပါး သတ်ခိုင်းသော ပါဏာတိပါတကံကို ဝစီကံ ဟု မခေါ်နိုင်ပါ။
အကြောင်းပြရသော် – ဝစီကံဟူသည် ဝစီဝိညတ်ဖြစ်သော ဝစီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကံကို ခေါ်ခြင်း ဖြစ်ပါသည်။ ယခု ပါဏာတိပါတကံသည် ကာယဒွါရ၊ ဝစီဒွါရ ဒွါရ ၂ပါးလုံး၌ ဖြစ်နိုင်သော်လည်း ကာယဝိညတ်ဖြစ်သော ကာယဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကံဖြစ်၍၊ ကာယကံ ဟု ခေါ်ရပါမည်။
သို့ဖြစ်၍ နှုတ်ဖြင့် သူတစ်ပါးကို သတ်ခိုင်းသော ပါဏာတိပါတကံကို ဝစီကံအကုသိုလ် ဟု မခေါ်နိုင်ဘဲ ဝစီဒွါရ၌ဖြစ် သော ကာယကံအကုသိုလ် ဟုပင် ခေါ်ဆိုနိုင်ပါသည်။
ရွှေယုန်ရွှေကျား သက်ကယ်ရိတ်သွား အစရှိသည်ဖြင့် ပြောဆိုသော ပြိန်ဖျင်းသော စကားသည် …
သမ္ဖပ္ပလာပ အကုသိုလ် ဝစီကံဖြစ်၍၊ ရံခါလောဘ၊ ရံခါဒေါသ အကြောင်းရင်းမူလ တို့ကြောင့် ဖြစ်ပါသည်။

၃။ ကောင်းမှုကုသိုလ် ပြုပြီးနောက် မိမိရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကို ပေးဝေခြင်းမျိုးသည် မည်သည့်ကောင်းမှုကုသိုလ်ကံ ဖြစ်သည်ကို ဖြေဆို၍၊ ယင်းကံ၏ အကျိုးပေးရာ ဘုံတို့ကိုလည်း အခါအားလျော်စွာ အသီးသီး သတ်မှတ်ပြပါ။
မိမိရအပ်သော ကုသိုလ်အဖို့ကို ပေးဝေခြင်းမျိုးသည် –
ယင်းကာမာဝစရ ကုသိုလ်ကံသည် –
ပဋိသန္ဓေအခါ = ကာမသုဂတိ ၇ဘုံ
ပဝတ္တိအခါ = ကာမ ၁၁ဘုံနှင့် အသညသတ်ကြဉ်သော ရူပ ၁၅ဘုံတို့၌ ထိုက်သင့်သည့် အားလျော်စွာ ပေးပါသည်။

၎။ သူငါအစ များလှသောင်းသောင်း သတ္တဝါအပေါင်း ဖြစ်ရခြင်းသည် ဗြဟ္မာဗိဿနိုးကြီးများ ဖန်ဆင်း၍ ဖြစ်လာရသည် ဟု ဆိုက လက်ခံ သင့်/မသင့် ရှင်းရှင်းလင်းလင်း အဖြေသွင်း၍၊ ရူပဗြဟ္မာကြီးများ စုတေက အဟိတ်တိရစ္ဆာန်များ တိုက်ရိုက် ဖြစ်နိုင်/မဖြစ်နိုင်ကိုလည်း သေချာကျန ဖြေဆိုပြပါ။
သတ္တဝါအပေါင်း ဖြစ်လာရခြင်းသည် ဗြဟ္မာဗိဿနိုးကြီးများ ဖန်ဆင်း၍ ဖြစ်လာရသည် ဟူသော အဆိုသည် – မမှန်ပါ။
အကြောင်းမှာ – အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ သတ္တဝါများ ဖြစ်ပေါ်လာခြင်း (တစ်နည်း) ပဋိသန္ဓေ တည်နေပုံကို အောက်ပါအတိုင်း ဆိုပါသည်။
ဘဝဟောင်း၏ စုတိစိတ် ချုပ်ပြီးနောက် အခြားမဲ့ ကာလမခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ်သည် ဘဝဟောင်း မရဏာသန္နဇောမှ ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်အာရုံကိုသာလျှင် အာရုံပြု၍၊ ရှေးဘဝနှင့် နောက်ဘဝကို တစ်စပ် တည်းကဲ့သို့ စပ်တတ်သည်၏ အစွမ်းအားဖြင့် ဘဝတစ်ပါး၌ ဥပါဒ်လျှင် ဥပါဒ်ခြင်း တည်လေ၏။

အဝိဇ္ဇာ၊ တဏှာတည်းဟူသော ဘဝရေသောက်မြစ် မပြတ်သေးသော ပုထုဇဉ်၊ သေက္ခပုဂ္ဂိုလ်တို့၌ အဝိဇ္ဇာက ဘဝ၏ အပြစ်ကို ဖုံးပေးခြင်း၊ တဏှာက ထိုဘဝ၌ ညွှတ်ကိုင်း တပ်မက်ခြင်းဟူသော (အဝိဇ္ဇာနုသယ အခြံအရံ၊ တဏှာနုသယ အရင်းခံရှိသော) ကုသိုလ်၊ အကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရက ပဋိသန္ဓေစိတ် ကို ဖြစ်ပေါ်လာအောင် ဖန်တီးပေးလိုက်ခြင်းကြောင့် မဟုတ်ပါ။

ရူပဗြဟ္မာကြီးများ စုတေလျှင် အပါယ်နှင့် အသညသတ်ကြဉ်သော ၂၆ဘုံ၌ ပဋိသန္ဓေ နေနိုင်သည်ဟု စုတိနောင် ပဋိသန္ဓေနှောင်းပုံ၌ ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။

၂၀၀၀-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ (က) အရိယာသာ ရသောဘုံ၊ (ခ) ပုထုဇဉ်သာ ရသောဘုံ၊ (ဂ) နှစ်ပါးစုံ ရသောဘုံတို့ကို ဖော်ပြ၍၊ သက်တမ်းမမြဲ သူများသည်ကိုလည်း မမြဲရခြင်းအကြောင်းရင်းနှင့် ဖြေဆိုပါ။
(က) အရိယာသာ ရသောဘုံ = သုဒ္ဓါဝါသ (၅)ဘုံ
(ခ) ပုထုဇဉ်သာ ရသောဘုံ = အသညသတ်ဘုံ၊ အပါယ် (၄)ဘုံ ပေါင်း (၅)ဘုံ၊
(ဂ) နှစ်ပါးစုံ ရသောဘုံ = ကာမသုဂတိ (၇)ဘုံ၊ ဝေဟပ္ဖိုလ်တိုင် ရူပ (၁၀)ဘုံ၊ အရူပ (၄)ဘုံ = ပေါင်း ၂၁ဘုံ

သက်တမ်းမမြဲသူများမှာ –
(၁) အပါယ် ၄ဘုံသား၊
(၂) လူ (ဇမ္ဗူဒီပါ တောင်ကျွန်းသား)
(၃) ဘုမ္မဇိုးနတ်များကို မှီခိုနေရသော ဝိနိပါတိကအသုရာ တို့ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်များ၏ ဘဝသည် ကံသာလျှင် လိုရင်းပမာဏဖြစ်၍ အချို့ တစ်နံနက်မျှသာ အသက်ရှည်ကြသည်။ အချို့မှာ တစ်ရက်မျှသာ အသက်ရှည်၍ အချို့မှာ နှစ်ပေါင်း အသင်္ချေတိုင်အောင် အသက်ရှည်ကြသည်။ ထို့ကြောင့် သက်တမ်းကာလ ကို အတည်တကျ သတ်မှတ်၍ မရခြင်း ဖြစ်ပါသည်။

၂။ (က) လောဘကြောင့်ဖြစ်သော ဒုစရိုက်၊ (ခ) ဒေါသကြောင့်ဖြစ်သော ဒုစရိုက်၊ (ဂ) နှစ်ပါးစုံကြောင့်ဖြစ်သော ဒုစရိုက်တို့ကို ဖော်ပြ၍၊ ထာဝရဘုရား ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်လာရသည် ဟူသော ဝါဒကို အဘိဓမ္မာအမြင်ဖြင့် သုံးသပ် ဖြေရှင်းပါ။
(က) လောဘကြောင့်ဖြစ်သော ဒုစရိုက်မှာ –
ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ တို့ဖြစ်ပါသည်။
(ခ) ဒေါသကြောင့်ဖြစ်သော ဒုစရိုက်မှာ –
ပါဏာတိပါတ၊ ဖရုသဝါစာ၊ ဗျာပါဒ တို့ဖြစ်ပါသည်။
(ဂ) နှစ်ပါးစုံကြောင့်ဖြစ်သော ဒုစရိုက်မှာ –
အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပ တို့ဖြစ်ပါသည်။

ထာဝရဘုရား ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်လာရသည် ဟူသော ဝါဒသည် အဘိဓမ္မာ အမြင်အားဖြင့် မှန်ကန်မှု မရှိပါ။
သတ္တဝါများ ဖြစ်လာရခြင်း (ပဋိသန္ဓေနေရခြင်းသည်) ဘဝသစ်၌ အပြစ်ကို မမြင်အောင် ဖုံးလွှမ်းထားသော အဝိဇ္ဇာ ခြံရံ၍၊ ဘဝသစ်၌ စိတ်အစဉ်ကို ညွတ်ကိုင်းရှိုင်းစေသော တဏှာ အရင်းခံကာ၊ ကုသိုလ်-အကုသိုလ် သင်္ခါရဇနကကံတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ကံ(သင်္ခါရ)၏ ပစ်ချမှုကြောင့် ဘဝသစ်၌ ပဋိသန္ဓေနေရခြင်း ဖြစ်ပါသည်။ ထာဝရ ဘုရား ဖန်ဆင်းမှု ကြောင့် သတ္တဝါများ ဖြစ်လာရခြင်း မဟုတ်ပါ။

၃။ လူသေ လူသာဖြစ် ဟူသော ဝါဒ မှန်/မမှန် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ဆုံးဖြတ် ဖြေဆိုပါ။
လူသေလူသာဖြစ် ဟူသောဝါဒ အတိအကျ မမှန်ပါ။

အကြောင်းမှာ – စုတိနောင် ပဋိသန္ဓေ နှောင်းပုံအရ လူ၏ စုတိ(၉)ပါးတွင်
(က) သုဂတိအဟိတ်စုတိ ၁ပါးနောင် ကာမပဋိသန္ဓေ ၁၀ပါးနှောင်း၍ ကာမ ၁၁ဘုံ၌လည်းကောင်း၊
(ခ) ဒွိဟိတ်စုတိ ၄ပါးနောင် ကာမပဋိသန္ဓေ ၁၀-ပါးနှောင်း၍ ကာမ ၁၁-ဘုံ၌ လည်းကောင်း
(ဂ) တိဟိတ်စုတိ ၄-ပါးနောင် ပဋိသန္ဓေ ၂၀-ပါးနှောင်း၍ ၃၁-ဘုံ၌ လည်းကောင်း
ပဋိသန္ဓေ နေနိုင်သောကြောင့် လူသေလူသာဖြစ် ဟူသော ဝါဒမမှန်ခြင်း ဖြစ်ပါသည်။

၂၀၀၁-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ အနာဂါမ်၊ ရဟန္တာတို့အတွက် နေရာဌာန သီးသန့်ထားသော ဘုံတို့ကို ခွဲခြားပြ၍၊ ဈာန်မရတာချင်း တူပါလျက် ဘဝအစ ပထမဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း မတူပုံကိုလည်း ရှင်းပြပါ။
အနာဂါမ်၊ ရဟန္တာတို့အတွက် နေရာဌာန သီးသန့် ထားသော ဘုံများမှာ –
သုဒ္ဓါဝါသ (၅)ဘုံ ဖြစ်သော အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌာဘုံ တို့ဖြစ်ပါသည်။
ဈာန်မရတာချင်း တူပါလျက် ဘဝအစ ပထမဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း မတူရခြင်းမှာ –
– တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ၄ပါး (မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ပါး)သည် ပဋိသန္ဓေအခါ ကာမသုဂတိ ၇ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ပါးကို ဖြစ်စေ၏။

– တိဟိတ်သြမက မဟာကုသိုလ်စေတနာ ၄ပါး (မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ် ၄ပါး)နှင့် ဒွိဟိတ် ဥက္ကဋ္ဌမဟာကုသိုလ် စေတနာ ၄ပါး (မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄ပါး)တို့သည် ပဋိသန္ဓေအခါ ကာမသုဂတိ ၇ဘုံ၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄ပါးကို ဖြစ်စေ၏။

– ဒွိဟိတ် သြမကမဟာကုသိုလ်စေတနာ ၄ပါး (မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄ပါး)သည် ပဋိသန္ဓေအခါ လူ့ဘုံ၊ ဝိနိပါတ်က အသုရာဘုံတို့၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ် ၁ပါးကို ဖြစ်စေ၏။
ထို့ကြောင့် ဈာန်မရတာချင်း တူပါလျက် မဟာကုသိုလ်စေတနာ၏ တိဟိတ်၊ ဒွိဟိတ်၊ ဥက္ကဋ္ဌ၊ သြမကဟူ၍ ကွဲပြားသောကြောင့် ဘဝအစဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း မတူရခြင်း ဖြစ်ပါသည်။

၂။ ကောင်းကံ၊ ဆိုးကံ ထိုနှစ်တန်းတွင် အဘယ်ကံ် ပို၍များသည်ကို အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍ပြားသောကံ (၄)မျိုးကို ရှုကာ ဖြေဆို၍၊ ကိုယ်အမူအရာ မပါဘဲ စိတ်ဖြင့်သာ ကျူးလွန်မိနိုင်သော အကုသိုလ်ကံတို့ကိုလည်း ထုတ်ပြပါ။
အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍ပြားသော ကံ (၄)မျိုးမှာ –
(၁) အကုသိုလ်ကံ = ၁၂ပါး
(၂) ကာမဝစရကုသိုလ်ကံ = ၈ပါး
(၃) ရူပါဝစရကုသိုလ်ကံ = ၅ပါး
(၄) အရူပါဝစရကုသိုလ်ကံ = ၄ပါး
တို့ ဖြစ်သောကြောင့် ကောင်းကံ (ကုသိုလ်ကံ ၁၇ပါး)က ပို၍ များပါသည်။

ကိုယ်အမူအရာ၊ နှုတ်အမူအရာ မပါဘဲ စိတ်ဖြင့်သာ ကျူးလွန်မိနိုင်သော အကုသိုလ် (မနော)ကံ တို့မှာ –
(၁) အဘိဇ္ဈာ = သူပိုင်ဥစ္စာညွှန်မှု၊
(၂) ဗျာပါဒ = အသေတောင့်တမှု၊
(၃) မိစ္ဆာဒိဋ္ဌိ = အယူမှားမှု တို့ဖြစ်ပါသည်။

၃။ တရားနာခြင်း စသည်သည် ဘာဝနာ ဟုတ်-မဟုတ် စစ်တမ်းထုတ်ပြ၍ ဒါန၊ သီလ မပါ ဘာဝနာ တစ်မျိုးသာပါသော ကံတို့ကိုလည်း ရေးသားပြပါ။
တရားနာခြင်း (ဓမ္မဿဝန)သည် ဘာဝနာ ဟုတ်ပါသည်။
တရားနာခြင်း (ဓမ္မဿဝန)သည် တရားနာကြောင်းဖြစ်သော စေတနာဖြစ်ပြီး ကုသိုလ် တရားကို ပွားစေတတ်သောကြောင့် ဘာဝနာမယဖြစ်သော ပုညကြိယာဝတ္ထုတွင် ပါဝင်သည့် ဘာဝနာ ဖြစ်ပါသည်။

ဒါန၊ သီလမပါ ဘာဝနာ တစ်မျိုးသာပါသော ကံတို့မှာ –
မဟဂ္ဂုတ်ကုသိုလ်ကံ ၉ပါးဖြစ်သော ရူပါဝစရကုသိုလ်ကံ ၅ပါးနှင့် အရူပါဝစရ ကုသိုလ်ကံ ၄ပါးတို့ ဖြစ်ကြပါသည်။

၎။ အသညတ်သတ်ဘုံသို့ ရောက်ဖို့ရန် အဘယ်ကို အဘယ်သို့ အားထုတ်ရမည်ကို ရေး၍၊ ရဟန္တာမဖြစ်သေး၍ ဘဝဇာတ်မသိမ်းသော ပုဂ္ဂိုလ်တို့အတွက် သံသရာစက် လည်ပုံကိုလည်း ဥပမာဆောင်ကာ ထင်အောင်ပြပါ။
အသညသတ်ဘုံသို့ ရောက်မှန် အားထုတ်ပုံမှာ –
ရူပပဉ္စဈာန်ကို ရရှိပြီးသော ကာမဘုံသား၊ ပုထုဇဉ်ပုဂ္ဂိုလ်သည် အမှတ်သညာ (စိတ်၊ စေတသိက်) ရှိနေသောကြောင့် သာ စားချင်၊ သောက်ချင်၊ လိုချင်မှု၊ ဒေါသဖြစ်မှု မာနဖြစ်မှုတွေ ဖြစ်ရသည်၊ ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အေးမြငြိမ်းချမ်းဖွယ်ရှိသည် ဟူသော သညာစေတသိက်နှင့်တကွ စိတ်၊ စေတသိက် အားလုံးအပေါ်၌ များစွာ အပြစ်မြင်လျက် ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စား၏၊ ထိုအခါ ပဉ္စမဈာန်စိတ်သည် သညာ (စိတ်၊ စေတသိက်အားလုံး) ကို စက်ဆုပ်သော သညာဝိရာဂ ဘာဝနာ အဖြစ်သို့ ရောက်၏။ ထိုပုဂ္ဂိုလ် စုတေလျှင် သူ့အလိုကျ သညာမရှိသော အသညသတ်ဘုံသို့ ရောက်ရလေသည်။

သံသရာစက်လည်ပုံ
စုတိစိတ်ချုပ်ပြီးသည့်နောက်၌လည်း အသစ်အသစ်သော ပဋိသန္ဓေ အစရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားအပ်သော ဘီး၏ လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်၍ ဖြစ်ကြလေသည်။
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိ၊ စုတိစိတ်တို့သည် အစဉ်အတိုင်း အဆက်ဆက်လည်၍ ဖြစ်သကဲ့သို့ ဘဝတစ်ပါး၌လည်း ဤအတိုင်းပင် လည်၍ (ရဟန္တာမဖြစ်မချင်း) ဖြစ်ကြလေသည်။

၂၀၀၂-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသောဘုံတို့ကို ဖော်ပြ၍ သုဒ္ဓါဝါသဘုံ၌ အရိယာများသာ နေကြသည် အရိယာများ သည် သာ နေကြသည် အရိယာများသည် သုဒ္ဓါဝါသဘုံ၌သာ ဖြစ်ကြသည် ဟူသော အများပြော စကားကို တရား သဘောသွားနှင့် ညှိပြပါ။
ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသောဘုံမှာ – အပါယ်ဘုံမည်၍၊ ထိုအပါယ် ၄ဘုံမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံ တို့ ဖြစ်ပါသည်။

သုဒ္ဓါဝါသဘုံ၌ အရိယာများသာ နေကြသည် ဟူသော စကားမှာ မှန်ကန်ပါသည်။ ထိုဘုံ၌ ရူပပဉ္စမဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တပုဂ္ဂိုလ်များသာ ရှိသောကြောင့် ဖြစ်ပါသည်။

အရိယာများသည် သုဒ္ဓါဝါသဘုံ၌သာ ဖြစ်ကြသည် ဟူသော စကားမှာ မမှန်ကန်ပါ။ အကြောင်းမှာ – အရိယာပုဂ္ဂိုလ်များသည်
– ကာမသုဂတိ ၇ဘုံ၌ အရိယာပုဂ္ဂိုလ် အားလုံးသည်လည်းကောင်း။
– အသညသတ်နှင့် သုဒ္ဓါဝါသ ၅ဘုံကြဉ်သော ရူပ ၁၀ဘုံ၌ အရိယာပုဂ္ဂိုလ်အားလုံးသည်လည်းကောင်း။
– အရူပ ၄ဘုံ၌ သောတာပန်ပုဂ္ဂိုလ်ကြဉ် ကျန်အရိယာပုဂ္ဂိုလ်တို့သည် လည်းကောင်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

၂။ မနောကံ၏ အဓိပ္ပါယ်ကို ရေးသားပြ၍ မုသားမပါ လင်္ကာမချော ဟု ပြောဆိုကြရာ ထိုမုသား ပြောဆိုခြင်းသည် ချစ်-မုန်းနှစ်ထွေ အဘယ်အကြောင်းရင်းတွေကြောင့် ပြောကြသည်ကိုလည်း ရေးသားပြပါ။
မနောကံ၏ အဓိပ္ပါယ်မှာ –
ကိုယ်လည်း မလှုပ်၊ နှုတ်လည်းမပါ၊ စိတ်တည်းဟူသော မနောဒွါရ၌ အဖြစ်များသော အမှုကို မနောကံ ဟု ခေါ်ပါသည်။

မုသားပြောဆိုခြင်းသည် ချစ်(လောဘ)၊ မုန်း(ဒေါသ) နှစ်ထွေသာ အကြောင်းရင်းများကြောင့် ပြောဆိုကြခြင်း ဖြစ်ပါသည်။ မုသားပြောခြင်း (မုသာဝါဒ)သည် ရံခါ လောဘကြောင့်လည်းကောင်း၊ ရံခါ ဒေါသကြောင့်လည်းကောင်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

၃။ အလှူပေးခြင်းသည် မွဲရုံသာရှိသည်ဟု မှားယွင်းစွာယူခြင်းသည် မည်သည့်အကုသိုလ် ကံမျိုးဖြစ်သည်ကို ရေးပြ၍၊ ယင်း၏ အကျိုးပေးရာ ဘုံဌာနတို့ကိုလည်း အခါအားလျော်စွာ အသီးသီး သတ်မှတ်ပြပါ။
အလှူပေးခြင်းသည် မွဲရုံသာရှိသည်ဟု မှားယွင်းစွာ ယူခြင်းသည် – မိစ္ဆာဒိဋ္ဌိ အကုသိုလ်ကံမျိုး ဖြစ်ပါသည်။
ယင်း (အကုသိုလ်ကံ) ၏ အကျိုးပေးရာ ဘုံဌာနတို့မှာ –
ပဋိသန္ဓေအခါ = အပါယ် ၄ဘုံ၌၊
ပဝတ္တိအခါ = ပဉ္စဝေါကာရ ၂၆ဘုံ၌ အကျိုးပေးနိုင်ပါသည်။

၎။ ကောင်းမှုပြုလုပ်က ကောင်းကျိုးရ၏ ဟု ပြောဆိုကြရာ အမှန်တကယ် မိမိနှင့်တူသော ကောင်းကျိုးကိုသာပေးသော ကုသိုလ်ကံကို ရွေးချယ်ပြ၍ တူမြဲသောတရား ၃ပါးတို့၏ သဘော အဓိပ္ပါယ်ကိုလည်း မနောစိတ်ဝယ်စွဲအောင် ရေးသားပြပါ။
အမှန်တကယ် မိမိနှင့်တူသော ကောင်းကျိုးကိုသာပေးသော ကုသိုလ်ကံမှာ – မဟဂ္ဂုတ်ကုသိုလ်ကံ ၉ပါး တို့ ဖြစ်ပါသည်။

တူမြဲတရား ၃ပါးတို့၏ သဘောအဓိပ္ပါယ်မှာ –
ပဋိသန္ဓေစိတ် = ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ပေးခြင်းသဘော၊
ဘဝင်စိတ် = ရရှိပြီးသောဘဝကို တည်တံ့အောင် စောင့်ရှောက်ပေးသောသဘော၊
စုတိစိတ် = ရရှိပြီးသောဘဝမှ လျောကျပျက်စီး သေဆုံးခြင်းသဘော ဖြစ်ပါသည်။

၂၀၀၃-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ရုပ်ဖြင့်သာ ပဋိသန္ဓေနေ၍ ရုပ်ဖြင့်ပင် သေသော ပုဂ္ဂိုလ်ကို ဖော်ပြ၍ အကျိုးပေးရာ ကာလနှင့် စပ်၍ ပြားသောကံ ၄မျိုးကိုလည်း ကာလများနှင့် တွဲစပ်ပြပါ။
ရုပ်ဖြင့်သာ ပဋိသန္ဓေနေ၍ ရုပ်ဖြင့်ပင် သေသော ပုဂ္ဂိုလ်မှာ –
ဇီဝိတနဝကကလာပ် ရုပ်ပဋိသန္ဓေ နှင့် ပဋိသန္ဓေနေ၍ ဇီဝိတနဝကကလာပ်ရုပ်စုတိ ဖြင့် သေသော အသညသတ် ဗြဟ္မာများ ဖြစ်ပါသည်။
အကျိုးပေးရာကာလနှင့်စပ်၍ ပြားသော ကံ ၄မျိုးကို ကာလများနှင့် တွဲစပ်ပြရသော် အကျိုးပေးရာကာလ
(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ အကျိုးပေးသော ပထမဇောစေတနာ
(၂) ဥပပဇ္ဇဝေဒနီယကံ = အခြားမဲ့ဘဝ၌ အကျိုးပေးသော အဆုံးသတ္တမဇော စေတနာ၊
(၃) အပရာပရိယာယဝေဒနီယကံ = တတိယဘဝမှ နိဗ္ဗာန်မရမီ ကာလအတွင်း အခွင့်ရတိုင်း အကျိုးပေးသော အလယ်ဇော ၅ချက် စေတနာ။
(၄) အဟောသိကံ = အကျိုးမပေး သုဉ်းဆိတ်သော ရှေ့ဇော ၇ချက် စေတနာ။

၂။ ကာယကမ္မအမည်ရခြင်းအကြောင်းကို ရေး၍၊ ကာယနှင့် ကမ္မ အရတို့ကိုလည်း ခွဲခြားပြပါ။
ကာယကမ္မ (ကာယကံ) အမည်ရခြင်းအကြောင်းမှာ –
ကိုယ်တည်းဟူသော ကာယဒွါရ (ကာယဝိညတ်ရုပ်)၌အဖြစ်များသော အမှုဖြစ်သောကြောင့် ကာယကမ္မ (ကာယကံ) အမည်ရခြင်း ဖြစ်ပါသည်။

ကာယ အရ = ကာယဝိညတ်ရုပ်
ကမ္မ အရ = ကုသိုလ်၊ အကုသိုလ် စေတနာတို့ကို ရပါသည်။

၃။ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ၏ ပဝတ္တိကျိုး၊ ပဋိသန္ဓေကျိုးတို့ကို ဖော်ပြ၍၊ အသညသတ်ဘုံသို့ ရောက်ရန် နည်းကိုလည်း ရေးပြပါ။
တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ၏ ပဝတ္တိကျိုးမှာ –
(၁) ကာမသုဂတိ ၇ဘုံ၌ အဟိတ်ကုသလဝိပါက်စိတ် ၈ပါး၊ မဟာဝိပါက်စိတ် ၈ပါး၊
(၂) အပါယ် ၄ဘုံ၌ အဟိတ်ကုသလဝိပါက်စိတ် ၈ပါး၊
(၃) အသညသတ်ကြဉ် ရူပ ၁၅ဘုံ၌ ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်ကြဉ်သော အဟိတ်ကုသလဝိပါက်စိတ် ၅ပါးတို့ ဖြစ်စေနိုင် ပါသည်။

ပဋိသန္ဓေကျိုးမှာ –
ကာမသုဂတိ ၇ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ပါးကို ဖြစ်စေနိုင်ပါသည်။ အသညသတ်ဘုံသို့ ရောက်ရန်နည်း (၂၀၀၁-ခုနှစ်၊ မေးခွန်း နံပါတ် (၄)။)

၎။ စုတေခါနီး၌ ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ် နှစ်မျိုးတို့တွင် အဘယ်စိတ်ဖြစ်သည်ကို ရေးသားပြ၍၊ ရဟန္တာမဖြစ်သေး၍ ဘဝဇာတ်သိမ်းသေးလျှင် အဘယ်စိတ်တို့သည် အဘယ်ကဲ့သို့ ဖြစ်သည်ကိုလည်း ရေးသားပြပါ။
စုတေခါနီး၌ ဖြစ်သောစိတ်မှာ –
စုတေခါနီးကာလ၌ စိတ်အစဉ်သည် ထင်လာသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တစ်ပါးပါးကို အာရုံပြု၍ ရလတ္တံ့သော ဘဝသစ်ကို ညွတ်၍နေလေသည်။

ဤစိတ်အစဉ်မှာ ကုသိုလ်ကံက အကျိုးပေးတော့မည် ဖြစ်လျှင် (ကောင်းသောအာရုံ ထင်လာသောကြောင့် ထိုအာရုံကို အာရုံ ပြုလျက်) ဖြူစင်သောစိတ် = ကုသိုလ်စိတ် အစဉ်ဖြစ်နေ၏။
အကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျှင် (မကောင်းသောအာရုံ ထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ညစ်နွမ်းသောစိတ် = အကုသိုလ်စိတ်အစဉ် ဖြစ်နေ၏။

ထို့ကြောင့် စုတေခါနီးကာလ၌ စိတ်အစဉ်သည် ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ် နှစ်မျိုးလုံးမှ တစ်မျိုးမျိုးသည် ဖြစ်နိုင်ပါသည်။
ရဟန္တာမဖြစ်သေး၍ ဘဝဇာတ်သိမ်းသေးလျှင် ဖြစ်သောစိတ်တို့မှာ –
စုတိစိတ်ချုပ်ပြီးသည့် နောက်၌လည်း အသစ်အသစ်သော ပဋိသန္ဓေ အစရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားသော ဘီး၏ လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက် လည်၍ ဖြစ်ကြလေသည်။
ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိ၊ စုတိစိတ်တို့သည် အစဉ်အတိုင်းအဆက်ဆက်လည်၍ ဖြစ်သကဲ့သို့၊ ဘဝတစ်ပါး၌လည်း ဤအတိုင်းပင် အဆက်ဆက် လည်၍ (ရဟန္တာမဖြစ်မချင်း) ဆက်ဖြစ်ပါသည်။

၂၀၀၄-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော ဘုံသားများကို ဖော်ပြ၍၊ သန္ဓေကန်သူ မကန်းသူတို့ လူချင်းတူပါလျက် ဘဝအစပဋိသန္ဓေစိတ်ချင်း မတူပုံကိုလည်း ရေးသားပြပါ။
ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော ဘုံသားများမှာ –
အပါယ် ၄ဘုံသားများဖြစ်သော ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် တို့ ဖြစ်ကြပါသည်။

သန္ဓေကန်းသူ မကန်းသူတို့ လူချင်းတူပါလျက် ဘဝအစ ပဋိသန္ဓေစိတ်ချင်း မတူပုံ လူချင်းတူပါသော်လည်း
သန္ဓေကန်းသူသည် – ဒွိဟိတ်သြမကကံကြောင့် ဘဝအစပဋိသန္ဓေအခါ၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁ပါးဖြင့် လူဖြစ်၏။
သန္ဓေမကန်းသူသည် – တိဟိတ်ဥက္ကဋ္ဌကံ၊ တိဟိသြမကကံ၊ ဒွိဟိတ်ဥက္ကဋ္ဌကံတို့ကြောင့် ဘဝအစပဋိသန္ဓေအခါ၌ မဟာဝိပါက်စိတ် ၈ပါးမှ တစ်ပါးပါးဖြင့် လူဖြစ်၏။
ထို့ကြောင့် သန္ဓေကန်းသူ မကန်းသူတို့ လူချင်းတူပါလျက် ဘဝအစပဋိသန္ဓေစိတ်ချင်း မတူကြခြင်း ဖြစ်ပါသည်။

၂။ ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော အမှုတို့ကို ဖော်ပြ၍၊ ဒါနအရ ပရမတ္ထတရားကိုယ်ကို လည်း ကောက်ပြပါ။
ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော အမှုတို့မှာ – မနောကံ ဖြစ်၏။

မနော ဒုစရိုက် ၃ပါးဖြစ်သော – အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ နှင့်
မနောသုစရိုက် ၃ပါးဖြစ်သော – အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ တို့ ဖြစ်ပါသည်။
ဒါနအရ ပရမတ္ထတရားကိုယ်မှာ – မဟာကုသိုလ် စေတနာ ၈ပါး ဖြစ်ပါသည်။

၃။ ကုသိုလ်ပြုစဉ် ကံကျိုးမြင်၍၊ ဉာဏ်ယှဉ်သော ကုသိုလ်ကို ပဋိသန္ဓေကျိုးနှင့် တွဲစပ်ကာ ဖော်ပြ၍ မိမိနှင့်တူသော အကျိုးကိုသာ ပေးတတ်သောကံကိုလည်း တိကျစွာ ဖော်ပြပါ။
ကုသိုလ်ပြုစဉ် ကံကျိုးမြင်၍ ဉာဏ်ယှဉ်သောကုသိုလ် (တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်) စေတနာသည် ပဋိသန္ဓေအခါ ကာမသုဂတိ ၇ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ပါးကို ဖြစ်စေပါသည်။

မိမိနှင့်တူသော အကျိုးကိုသာ ပေးတတ်သောကံ (၂၀၀၂-ခုနှစ်၊ မေးခွန်းနံပါတ် (၄))

၎။ စုတေခါနီး၌ ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ်တို့တွင် အဘယ်စိတ်ဖြစ်သည်ကို အကြောင်းနှင့်တကွ ခွဲခြားပြ၍ သေပြီးနောက် ၇ရက် အိမ်၌ တွယ်ကပ်နေသည်ဟု ဆိုကြရာ ထိုစကားမှန်-မမှန် စိစစ်ဝေဖန်ပြပါ။ (၂၀၀၃-ခုနှစ်၊ မေးခွန်းနံပါတ်-၄)
သေပြီးနောက် – ၇ရက် အိမ်၌ တွယ်ကပ်နေသည်ဟု ဆိုကြရာ ထိုစကား မမှန်ပါ။
အကြောင်းမှာ – ဘဝမပြတ်သေးသမျှ သတ္တဝါတိုင်း ဘဝဟောင်းအပြတ်တွင် ဘဝသစ်ကို ဆက်စပ်၍ ပေးတတ်သော ပဋိသန္ဓေစိတ်သည် ဘဝဟောင်းနှင့် ဘဝသစ်ကို တစ်စပ်တည်းကဲ့သို့ ဆက်စပ်တတ်သည် အစွမ်းဖြင့် ဘဝသစ်၌ ဥပါဒ်လျှင် ဥပါဒ်ချင်း တည်၏။
ထို့ကြောင့် သေပြီးနောက် ၇ရက် အိမ်၌ တွယ်ကပ်နေသည် ဟူသော စကားမမှန်ရခြင်း ဖြစ်ပါသည်။

၂၀၀၅-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သုဒ္ဓါဝါသဘုံ၌ ရနိုင်သောပုဂ္ဂိုလ်၊ မရနိုင်သော ပုဂ္ဂိုလ်တို့ကို ခွဲခြားပြ၍၊ သက်တမ်းမမြဲသူများကိုလည်း ရေးသားပြပါ။
သုဒ္ဓါဝါသဘုံ၌ ရနိုင်သောပုဂ္ဂိုလ်များမှာ – ရူပ ပဉ္စမဈာန်ရပြီးသော အနာဂါမိဖိုလ် ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ် ပုဂ္ဂိုလ် တို့ ဖြစ်ပါသည်။

မရနိုင်သော ပုဂ္ဂိုလ်များမှာ – အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်၊ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်၊ အောက်မဂ်ပုဂ္ဂိုလ် ၃ဦးနှင့် ပဉ္စမဈာန်မရ အောက်ဖိုလ်ပုဂ္ဂိုလ် ၂ဦး တို့ ဖြစ်ပါသည်။

သက်တမ်းမမြဲသူများမှာ – (၁) အပါယ် ၄ဘုံသား၊ (၂) လူ (ဇမ္ဗူဒီပါ တောင်ကျွန်းသား)၊ (၃) ဘုမ္မဇိုးနတ်များကို မှီခိုနေရသော ဝိနိပါတိက အသုရာ တို့ ဖြစ်ပါသည်။

၂။ ကိုယ့်ကာယကံ ကိုယ်ထံပြန် ဟူသော ဆိုရိုးစကားအရ ကိုယ့်ထံပြန်လာသော ကာယကံ များကို အကြောင်းနှင့်တကွ ရေးသားပြပါ။
ကိုယ့်ထံပြန်လာသော ကာယကံများကို အကြောင်းနှင့်တကွ ဖော်ပြရသော် –
ကာယကံ ၊ ကံမြောက်ကြောင်းတရား
(၁) ပါဏာတိပါတ ၊ ဒေါသ
(၂) အဒိန္နာဒါန ၊ ရံခါလောဘ၊ ရံခါဒေသ
(၃) ကာမသုမိစၧာစာရေ ၊ လာဘ

၃။ ဒါန သီလမဖက် ဘာဝနာသက်သက်ကြောင့်သာ ရနိုင်သော ကံတို့ကို ရွေးချယ်ပြ၍၊ စိတ်ပျံ့လွင့်နေ၍ အကုသိုလ်ပြုမိသော အရူးသည် အပါယ်ဘုံ ရောက်နိုင်-မရောက်နိုင် စိစစ် ဝေဖန်ပြပါ။
ဒါန သီလမဖက် ဘာဝနာသက်သက်ကြောင့်သာ ရနိုင်သော ကံတို့မှာ –
မဟဂ္ဂုတ်ကုသိုလ်ကံ ၉-ပါးဖြစ်သော ရူပါဝစရကုသိုလ်ကံ ၅-ပါးနှင့် အရူပါဝစရ ကုသိုလ်ကံ ၄-ပါးတို့ ဖြစ်ကြပါသည်။
စိတ်ပျံ့လွင့်နေ၍ အကုသိုလ်ပြုမိသော အရူးသည် – အပါယ်ဘုံ မရောက်နိုင်ပါ။

အကြောင်းမှာ – ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ပါးသည် ပဋိသန္ဓေအခါအပါယ် ၄ဘုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (၁)ပါးကို ဖြစ်စေ၏ ဟုဆိုသောကြောင့် စိတ်ပျံ့လွင့်နေသူ အရူးသည် စိတ်ပျံ့လွင့်ရုံ (ဥဒ္ဓစ္စဖြစ်ရုံ)မျှဖြင့် ပြုမိသောကြောင့် အပါယ်ဘုံသို့ မရောက်နိုင်၊ (ဥဒ္ဓစ္စကံကြဉ် ကြွင်းအကုသိုလ်ကံ ၁၁ပါးကို ပြုမိလျှင်မူ အပါယ်ရောက်နိုင် ပါသည်။)

၎။ သေခြင်းလေးမျိုးကို ရေးသားပြ၍၊ စုတေခါနီး၌ ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ်တို့တွင် အဘယ်စိတ် ဖြစ်ပါမည်နည်း၊ ခွဲခြားပြပါ။
သေခြင်းလေးမျိုးမှာ –
(၁) အာယုက္ခယ မရဏ = အသက်တမ်းကုန်၍သေခြင်း။
(၂) ကမ္မက္ခယ မရဏ = ကံစွမ်းကုန်၍ သေခြင်း။
(၃) ဥဘယက္ခယ မရဏ = အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒက မရဏ = ကံဆိုးဖြတ်ချွေ လတ်တလော သေခြင်းတို့ ဖြစ်ပါသည်။
စုတေခါနီး၌ … (၂၀၀၃ခုနှစ်၊ မေးခွန်းနံပါတ် (၄))

၂၀၀၆-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ကောင်းမှုရှင်နှင့် မကောင်းမှုရှင်တို့ လားရောက်ရခြင်း မတူပုံကို ကာမ ၁၁ဘုံကို ရှုကာ ခွဲခြားပြ၍၊ ရှေးရှေးဘဝကပြု လုပ်ခဲ့သော ကံကြွင်းကံကျန်များသည် ဤဘဝတွင် အကျိုးပေးကြရာ ထိုကံ၏ အမည်များကိုလည်း ကာလနှင့်စပ်၍ ပြားသော ကံလေးမျိုးမှ ရွေးချယ်ပြပါ။
ကာမ ၁၁ဘုံ၌ ကောင်းမှုရှင်နှင့် မကောင်းမှုရှင်တို့ လားရောက်ရခြင်း မတူပုံမှာ –
ကောင်းမှု (ကုသိုလ်)ရှင်တို့သည် လူ့ဘုံနှင့် နတ်ပြည် ၆ထပ်ဟူသော ကာမသုဂတိ ၇ဘုံသို့လည်းကောင်း၊ မကောင်းမှု (အကုသိုလ်)ရှင်တို့သည် အပါယ် ၄ဘုံဟူသော ကာမဒုဂ္ဂတိဘုံသို့လည်းကောင်း လားရောက်နိုင်ပါသည်။

ရှေးရှေးဘဝကပြုလုပ်ခဲ့သော ကံကြွင်းကံကျန်များသည် ဤဘဝတွင် အကျိုးပေးကြရာ ထိုကံ၏ အမည်များကိုလည်း ကာလနှင့်စပ်၍ ပြားသော ကံလေးမျိုးမှ ရွေးချယ်ပြရသော် –
(၁) ပြီးခဲ့သော ဘဝမှ ပြုခဲ့၍ ယခုဘဝ၌ အကျိုးပေးသော သတ္တမဇော ကုသိုလ်၊ အကုသိုလ်စေတနာ (ဥပပဇ္ဇဝေဒနီယကံ)
(၂) ရှေးရှေးဘဝများမှ ပြုခဲ့သော ယခုဘဝ၌ အကျိုးပေးသော အလယ်ဇော ၅ချက် ကုသိုလ်၊ အကုသိုလ်စေတနာ (အပရာပရိယာယဝေဒနီယကံ) တို့ ဖြစ်ပါသည်။

၂။ ကိုယ်လည်းမလှုပ်၊ နှုတ်လည်းမပါ စိတ်၌သာအဖြစ်များသော ကံတို့ကို ကောင်းကံ၊ ဆိုးကံအားဖြင့် ခွဲခြားဖြေဆိုပါ။
ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာအဖြစ်များသော ကံ (မနောကံ)တို့ကို ကောင်းကံ၊ ဆိုးကံအားဖြင့် ခွဲခြားဖြေဆိုရသော် –
ကောင်းကံ (သုစရိုက် မနောကံ) ၃-ပါး ဖြစ်သော –
အနဘိဇ္ဈာ = သူပိုင် ဥစ္စာ မညွှန်မှု၊
အဗျာပါဒ = အသေ မတောင့်တမှု၊
သမ္မာဒိဋ္ဌိ = အယူမှန်မှု တို့ ဖြစ်ပါသည်။

ဆိုးကံ (ဒုစရိုက်မနောကံ) ၃ပါးဖြစ်သော –
အဘိဇ္ဈာ = သူပိုင် ဥစ္စာ ညွှတ်မှု
ဗျာပါဒ = အသေတောင့်တမှု
မိစ္ဆာဒိဋ္ဌိ = အယူမှားမှု တို့ ဖြစ်ပါသည်။

၃။ ပညာရှိ သူတော်ကောင်း ဖြစ်လာအောင် တွန်းအားပေးပို့လိုက်သော ကံကို ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့နှင့် တွဲစပ်ကာ ဖော်ပြပါ။
ပညာရှိ သူတော်ကောင်းဖြစ်လာအောင် တွန်းအားပေးပို့လိုက်သော ကံမှာ –
တဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ၄ပါး (မဟာကု ဉာသံ-၄)ဖြစ်ပါသည်။

၎င်းကို ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့နှင့် တွဲစပ်ကာ ဖော်ပြရသော် –
တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ၄ပါးသည် –
အခါကာလ = ပဋိသန္ဓေအခါ
ဘုံဌာန = ကာမသုဂတိ ၇ဘုံ၌
အကျိုးဝိပါက်စိတ် = မဟာဝိပါက်ဉာဏသမ္ပယုတ်စိတ်

အခါကာလ = ပဝတ္တိအခါ
ဘုံဌာန = ကာမသုဂတိ ၇ဘုံ၌
ဘုံဌာန = အဟိတ်ကုသလဝိပါက်စိတ် = ၈ပါး ၊ မဟာဝိပါက်စိတ် – ၈ပါး

အခါကာလ = ပဝတ္တိအခါ
ဘုံဌာန = အပါယ် ၄ဘုံ၌
ဘုံဌာန = အဟိတ်ကုသလဝိပါက်စိတ် – ၈ပါး

အခါကာလ = ပဝတ္တိအခါ
ဘုံဌာန = (အသညသတ်ကြဉ်) ရူပ ၁၅ဘုံ၌
ဘုံဌာန = (ဃာန၊ ဇိဝှါ၊ ကာယကြဉ်) အဟိတ်ကုသလဝိပါက် – ၅ပါး

၎။ ပဋိသန္ဓေစိတ်သည် ကံကို အာရုံပြု အဘယ်ကံကိုသာ အာရုံပြုပါသနည်း ဖြေဆို၍၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့၏ တရားကိုယ် အရကောက်ကိုလည်း ဖော်ပြပါ။
ပဋိသန္ဓေစိတ်သည် ကံကို အာရုံပြုလျှင် အခြားမဲ့ဘဝဟောင်းမှ မရဏာသန္နဇောယူအပ်သော အတိတ်သာလျှင်ဖြစ်သော ကံကိုသာ အာရုံပြုပါသည်။
နိမိတ်တရားကိုယ်အရကောက်
ကံ = အကျိုးပေးခွင့်ရ၍ ရှေးရှုတည်နေသော ပဋိသန္ဓေကို ဖြစ်စေသော (ဥပပဇ္ဇဝေဒနီယ၊ အပရာပရိယာ ဝေဒနီယ) ကုသိုလ်၊ အကုသိုလ် ဇနကကံ၊
ကမ္မနိမိတ် = ကံမြောက်ကြောင်း အလှူဝတ္ထု၊ အလှူခံပုဂ္ဂိုလ်၊ လက်နက်၊ တုတ်၊ ဓားစသော ကံအဆောက်အဦ၊ ကံနှင့်စပ်သမျှ ဝတ္ထုအာရုံ ၆ပါး။
ဂတိနိမိတ် = လားရာဂတိ အမိဝမ်းရေ၊ နတ်သမီးဘုံဗိမာန်၊ ဥယျာဉ်၊ ပဒေသာပင်၊ ငရဲအိုး၊ ငရဲထိန်း၊ ငရဲမီးလျှံ စသည့် ပစ္စုပ္ပန် အာရုံ ၆ပါး။

၂၀၀၇-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ရန်ကုန်ရွှေမြို့တော်ကြီး၌ မည်သည့် ပုဂ္ဂိုလ်များ နေထိုင်ကြသည်ကို စစ်တမ်းထုတ်ပြပြီးလျှင် သိပ္ပံပညာရှင်များက လူသည် မျောက်သတ္တဝါမှ ဆင်းသက်လာသည်ဟု ဆိုလာရာ ယင်းအယူအဆကို အဘိဓမ္မာရှုထောင့်မှ သုံးသပ်ဝေဖန်ခဲ့ပါ။
ရန်ကုန်ရွှေမြို့တော်ကြီး၌ နေထိုင်ကြသော ပုဂ္ဂိုလ်များကို စစ်တမ်းထုတ်ပြရသော် –
သုဂတိအဟိတ်ပုဂ္ဂိုလ်၊
ဒွိဟိတ်ပုဂ္ဂိုလ်၊
တိဟိတ်ပုဂ္ဂိုလ်၊
အရိယာပုဂ္ဂိုလ် (၈)ယောက်တို့ ဖြစ်ပါသည်။

သိပ္ပံပညာရှင်များက လူသည် မျောက်သတ္တဝါမှ ဆင်းသက်လာသည်ဟု ဆိုလာရာ ယင်းအယူအဆကို အဘိဓမ္မာရှုထောင့်မှ သုံးသပ်ဝေဖန်ရသော် –
မျောက်သတ္တဝါ၏ ပဋိသန္ဓေစိတ် = အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်၊
(လူစဉ်မမီသူ) လူသား၏ ပဋိသန္ဓေစိတ် = အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်၊
(လူပီသသူ) လူသား၏ ပဋိသန္ဓေစိတ် = မဟာဝိပါက်စိတ် ၈ပါးမှ တစ်ပါးပါး၊
ဤသို့ မျောက်သတ္တဝါနှင့် လူသားတို့၏ ပဋိသန္ဓေစိတ်ချင်း မတူ ကွဲပြားသောကြောင့် သိပ္ပံပညာရှင်များ၏ လူသည် မျောက်သတ္တဝါမှ ဆင်းသက်လာသည်ဟု ဆိုသော အယူအဆသည် ဗုဒ္ဓ၏ အဘိဓမ္မာရှုထောင့်နှင့် ကိုက်ညီမှန်ကုန်မှု မရှိပါ။

၂။ အယူမှားလျှင် သံသရာမှောက် ဟု ဆိုကြရာ အယူမှားခြင်း၏ဖြစ်ကြောင်းကို ထုတ်ပြပြီးလျှင်၊ အလိုရမ္မက် အမျက်ဒေါသ နှစ်ဝကြောင့်ဖြစ်သော အကုသိုလ် ဒုစရိုက်ဆိုးများကို အသီးသီး ရေတွက်ပြခဲ့ပါ။
အယူမှားလျှင် သံသရာမှောက် ဟု ဆိုကြရာ အယူမှားခြင်း၏ (မိစ္ဆာဒိဋ္ဌိ)၏ ဖြစ်ကြောင်း မူလမှာ = လောဘမူလ ဖြစ်ပါသည်။

အလိုရမ္မက်၊ အမျက်ဒေါသ နှစ်ဝကြောင့်ဖြစ်သော အကုသိုလ်ဒုစရိုက်များမှာ – အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏာဝါစာ၊ သမ္ဖပ္ပလာပ တို့ ဖြစ်ကြပါသည်။

၃။ တစ်သက်နဲ့တစ်ကိုယ်မှာ စိတ်လုံးဝဖြစ်ခွင့်မရှိသော ပုဂ္ဂိုလ် ရှိ/မရှိ ဆုံးဖြတ်ပြီးလျှင် ရှိခဲ့လျှင်လည်း ထိုဘုံသို့ရောက်အောင် မည်သည့်တရားကို အားထုတ်ရပါမည်နည်း။ ဖြေဆိုကာ (၃၁)ဘုံတွင် ပုထုဇဉ်တို့ မကျင်လည်ဖူးသော ဘုံများကို အစဉ်တကျ ဖော်ပြခဲ့ပါ။
တစ်သက်နဲ့တစ်ကိုယ်မှာ စိတ်လုံးဝ ဖြစ်ခွင့်မရှိသော ပုဂ္ဂိုလ်မှာ = အသညသတ်ဗြဟ္မာ
၎င်းဘုံသို့ ရောက်အောင် အားထုတ်ရမည့်တရား = နာမ်ပျောက်စေလိုမှုနှင့် ယှဉ်သော ပဉ္စမဈာန်ကုသိုလ်၊
၃၁-ဘုံတွင် ပုထုဇဉ်တို့ မကျင်လည်ဖူးသောဘုံ (သုဒ္ဓါဝါသဗြဟ္မာဘုံ) များမှာ –
(၁) အဝိဟာဘုံ၊
(၂) အတပ္ပါဘုံ၊
(၃) သုဒဿာဘုံ၊
(၄) သုဒဿီဘုံ၊
(၅) အကနိဋ္ဌာဘုံ တို့ဖြစ်ပါသည်။

၎။ ဘဝမဆုံးသေးသော လူပုဂ္ဂိုလ်များ သေခါနီးဆဲဆဲအခါ၌ ဂတိနိမိတ်များ ထင်လာတတ်ရာ အောက်ပါပုဂ္ဂိုလ်များ မည်သို့သော ဂတိနိမိတ်များ ထင်လာတတ်ပါသနည်း။
(က) လူ့ဘဝ၌ ပြန်ဖြစ်မည့်သူ၊
(ခ) နတ်ရွာနတ်ပြည်သို့ ရောက်မည့်သူ၊
(ဂ) အပါယ်လေးပါးသို့ ကျရောက်မည့်သူ၊

ဘဝမဆုံးသေးသော လူပုဂ္ဂိုလ်များ သေခါနီးဆဲဆဲအခါ ထင်လာသောဂတိနိမိတ်
(က) လူ့ဘဝ၌ ပြန်ဖြစ်မည်သူ့ = အမိဝမ်းရေ
(ခ) နတ်ရွာ နတ်ပြည်သို့ ရောက်မည့်သူ = နတ်သမီး၊ ဘုံဗိမာန်၊ ဥယျာဉ်
(ဂ) အပါယ်လေးပါးသို့ ကျရောက်မည့်သူ = ငရဲအိုး၊ ငရဲထိန်း၊ ငရဲမီးလျှံ၊ တိရစ္ဆာန်၊ ဝမ်းရေ၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ သုသာန်၊ သင်္ချိုင်း စသည်တို့ ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သက်တမ်းမမြဲသော ပုဂ္ဂိုလ်များကို ဖော်ပြ၍၊ ရုပ်သာ ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့လည်း ရေးပြပါ။
သက်တမ်းမမြဲသော ပုဂ္ဂိုလ်များမှာ – (၂၀၀၅ခုနှစ်၊ မေးခွန်းနံပါတ် (၁))
ရုပ်သာ ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်မှာ – အသညသတ်ဘုံသား တို့ဖြစ်ကြပါသည်။

၂။ ကာယကံမည်ခြင်း၏ အကြောင်းကိုရေး၍၊ ဒုစရိုက်ဆယ်ပါးတွင် မပါဝင်သောကြောင့် အရက်သေစာ၊ သောက်စားခြင်းသည် အပြစ်မရှိဟုဆိုလျှင် သင် လက်ခံမည်လော၊ အကြောင်းပြ ဖြေဆိုပါ။
ကာယကံမည်ခြင်း၏အကြောင်းမှာ – ကိုယ်တည်းဟူသော ကာယဒွါရ (ကာယဝိညတ်ရုပ်)၌ ဖြစ်သောကြောင့် ကာယကံ မည်ပါသည်။

ဒုစရိုက်ဆယ်ပါးတွင် မပါဝင်သောကြောင့် အရက်သေစာ သောက်စားခြင်းသည် အပြစ်မရှိဟုဆိုလျှင် အကျွန်ုပ် (စာဖြေပုဂ္ဂိုလ်) လက်မခံနိုင်ပါ။
အကြောင်းမှာ – အရက်သေစာ သောက်စားခြင်းသည် ရသာရုံဟု ဆိုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော ခံစားမှု အကျင့်ဖြစ်၍၊ ဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော အကျင့်ဖြစ်သော ကာမေသုမိစ္ဆာစာရ ဒုစရိုက်နှင့်အလားတူ အကျုံးဝင် သောကြောင့် အပြစ်ရှိသည်ဟု ဆိုနိုင်ပါသည်။

၃။ အဘိဓမ္မာနည်းအရ အကုသိုလ်ကံ ၁၂ပါးတို့တွင် (က) ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်သော အကုသိုလ်ကံ၊ (ခ) ပဋိသန္ဓေ-ပဝတ္တိအကျိုး နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သော အကုသိုလ်ကံတို့ကို ခွဲခြား၍၊ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ၏ (က) ပဋိသန္ဓေအကျိုး (ခ) ပဝတ္တိအကျိုးတို့ကိုလည်း တိကျစွာ ဖော်ပြပါ။
အဘိဓမ္မာနည်းအရ အကုသိုလ် ၁၂ပါးတို့တွင် –
(က) ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်သော အကုသိုလ်ကံ မောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ပါး
(ခ) ပဋိသန္ဓေအကျိုး – ပဝတ္တိအကျိုး နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သော အကုသိုလ်ကံ (ဥဒ္ဓစ္စကြဉ်သော) အကုသိုလ် စေတနာ = ၁၁ပါး

တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ၏ –
(က) ပဋိသန္ဓေအကျိုး = မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ပါး၊
(ခ) ပဝတ္တိအကျိုး = အဟိတ်ကုသလဝိပါက်စိတ် ၈ပါး + မဟာဝိပါက်စိတ် ၈ပါး ပေါင်း ၁၆ပါး

၎။ ကမ္ဘာပေါ်ရှိ ပုထုဇဉ်လူသားပုဂ္ဂိုလ် အမျိုးအစားတို့ကို အဘိဓမ္မာအမြင်ဖြင့် ဖော်ပြ၍၊ ဘဝ တစ်ခု၌ အစဦး ဖြစ်ပေါ်သော စိတ်၏ (က) အကြောင်းအရာ၊ (ခ) အရင်းခံတရား၊ (ဂ) အခြံအရံတရားများကို ဖော်ပြပါ။
ကမ္ဘာပေါ်ရှိ ပုထုဇဉ်လူသားပုဂ္ဂိုလ် အမျိုးအစားတို့ကို အဘိဓမ္မာအမြင်ဖြင့် ဖော်ပြရသော် –
(၁) သုဂတိအဟိတ်ပုဂ္ဂိုလ်
(၂) ဒွိဟိတ်ပုဂ္ဂိုလ်
(၃) တိဟိတ်ပုဂ္ဂိုလ် ပေါင်း – ပုထုဇဉ်လူသားပုဂ္ဂိုလ် ၃မျိုး ရှိပါသည်။

ဘဝတစ်ခု၌ အစဦး ဖြစ်ပေါ်လာသောစိတ် (ပဋိသန္ဓေစိတ်)၏ –
(က) အကြောင်းတရား = ကုသိုလ်၊ အကုသိုလ် – ကံသင်္ခါရ
(ခ) အရင်းခံတရား = တဏှာ
(ဂ) အခြံအရံတရား = အဝိဇ္ဇာ

၂၀၀၉-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျ ဟု ဆိုရာ၌ သတ္တဝါတို့၏ ကံအရ အမှန်တကယ် တည်ရှိနေသော (၃၁)ဘုံကို အကျဉ်းချုံး ရေတွက်ပြ၍၊ (က) အပါယ်ဘုံ၌ ဖြစ်နိုင်သော ပုဂ္ဂိုလ် သတ္တဝါ၊ (ခ) လူ့ဘုံ၌ဖြစ်နိုင်သော ပုဂ္ဂိုလ်သတ္တဝါ တို့ကိုလည်း အသီးသီး ခွဲခြား ဖော်ပြပါ။
သတ္တဝါတို့၏ကံအရ အမှန်တကယ် တည်ရှိနေသော (၃၁)ဘုံကို အကျဉ်းချုံး ရေတွက်ပြရသော် –
အပါယ် = ၄ဘုံ
ကာမသုဂတိ = ၇ဘုံ
ရူပ = ၁၆ဘုံ
အရူပါဝစရ = ၄ဘုံ တို့ ဖြစ်ပါသည်။
(က) အပါယ်ဘုံ၌ ဖြစ်နိုင်သော ပုဂ္ဂိုလ်သတ္တဝါများမှာ –
ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့ ဖြစ်ကြပါသည်။
(ခ) လူ့ဘုံ၌ ဖြစ်နိုင်သော ပုဂ္ဂိုလ်သတ္တဝါတို့မှာ –
(၁) သုဂတိအဟိတ် ပုဂ္ဂိုလ်
(၂) ဒွိဟိတ်ပုဂ္ဂိုလ်
(၃) တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
(၄) အရိယာပုဂ္ဂိုလ် ၈ယောက် = ပေါင်း ပုဂ္ဂိုလ် (၁၁)ယောက် ဖြစ်နိုင်ပါသည်။

၂။ သက်တမ်း အတိအကျ ရေတွက်မရသော ကာမပုဂ္ဂိုလ်တို့ကို ဖော်ပြ၍၊ ကမ္ဘာလောက၌ မကောင်းမှု ဒုစရိုက်တရားများ ဖြစ်ပေါ်လာကြရာ (က) လူသတ်ဝါဒ၊ (ခ) လိမ်လည်သူ (ဂ) အယူဝါဒ မှားယွင်းမှုတို့၏ အခြေခံအကြောင်း တရားတို့ကိုလည်း ဖော်ပြပါ။
သက်တမ်းအတိအကျ ရေတွက်မရသော ကာမပုဂ္ဂိုလ်တို့မှာ –
အပါယ် ၄ဘုံသား၊ လူ့ဘုံ (တောင်ကျွန်း)သားနှင့် စာတုမဟာရာဇ်ဘုံအနွယ်ဝင် ဘုမ္မစိုးနတ်ကြီးများကို မှီခိုကပ်ရပ်နေ သော ဝိနိပါတိက အသုရာတို့ ဖြစ်ပါသည်။

မကောင်းမှု ဒုစရိုက်တရားများအခြေခံအကြောင်းတရား
(က) လူသတ်ဝါဒ = ဒေါသမူလ၊
(ခ) လိမ်လည်သူ = (ရံခါ) လောဘမူလ၊ (ရံခါ) ဒေါသမူလ၊
(ဂ) အယူဝါဒ မှားယွင်းမှု = လောဘမူလ

၃။ ကံသာ အမိ၊ ကံသာ အဖ ဟု ဆိုကြရာ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း သိထိုက်သော ကံတို့ကို (က) အကျိုးပေးအစဉ် (ခ) အကျိုးပေးရာ ဘုံဌာနအားဖြင့် ခွဲခြားဖြေဆိုပါ။
(က) အကျိုးပေးအစဉ်အားဖြင့် ကံ ၄မျိုးပြားပုံကို ဖြေဆိုရသော် –
(၁) ဂရုကံ = သေက ဒုတိယဘဝ၌ အကျိုးပေးမြဲသော အားကြီးသော မဟဂ္ဂုတ်ကံ၊ ပဉ္စာနန္တရိယကံ စသည်တို့၏ အဆုံးဇောစေတနာ၊
(၂) အာသန္နကံ = သေခါနီးမှ ပြုဖူး၊ ရှေးက ပြုခဲ့ဖူး၍ သေခါနီးမှ အမှတ်ရခါ အဟောင်းပေါ်လာသော ကုသိုလ်၊ အကုသိုလ်စေတနာ၊
(၃) အာစိဏ္ဏကံ = နေ့ရှည်ရက်ရှည် စွဲမြဲ၍ပြုသော ကုသိုလ်၊ အကုသိုလ်စေတနာ၊ တစ်ကြိမ်ပြုလည်း မပြတ် အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ် စေတနာကံ၊
(၄) ကဋတ္တာကံ = ရှေ့ကံ ၃ပါးမှ လွတ်သော အပရာပရိယာကံဟောင်းစု၊ ဤဘဝ၌ ရံခါပြုသော သာမညကုသိုလ်၊ အကုသိုလ်စေတနာကုံ၊

(ခ) အကျိုးပေးရာ ဘုံဌာနအားဖြင့် ကံ ၄မျိုးပြားပုံကို ဖြေဆိုရသော် –
(၁) အကုသိုလ်ကံ = ၁၂ပါး (အပါယ် ၄ဘုံ)
(၂) ကာမာဝစရကုသိုလ်ကံ = ၈ပါး (ကာမသုဂတိ ၇ဘုံ)
(၃) ရူပါဝစရကုသိုလ်ကံ = ၅ပါး (ရူပ ၁၆ဘုံ)
(၄) အရူပါဝစရကုသိုလ်ကံ = ၄ပါး (အရူပ ၄ဘုံ)

၎။ လူသားတစ်ယောက်အတွက် ဘဝအဆုံး နိဂုံးဖြစ်သော သေခြင်း ၄မျိုးကို ဖော်ပြ၍၊ လူတို့ သေခါနီးကာလ၌ အာရုံနိမိတ်ထင်ခြင်းသည် အကြီးအကျယ် ဝေဒနာခံစားရမှုကြောင့် ဖြစ်သည်ဟု ဆိုရ မှန်/မမှန် အဘိဓမ္မာ သဘောဖြင့် နှီးနှော ဝေဖန်ပြပါ။
သေခြင်း ၄မျိုးမှာ – (၂၀၀၅ခုနှစ်၊ မေးခွန်းနံပါတ် (၄))
လူတို့ သေခါနီးကာလ၌ အာရုံနိမိတ် ထင်ခြင်းသည် အကြီးအကျယ် ဝေဒနာခံစားရမှုကြောင့် ဖြစ်သည်ဟုဆိုက မမှန်ပါ။
အဘိဓမ္မာသဘောဖြင့် ဝေဖန်ပြရသော် –

သတ္တဝါတို့သည် မိမိတို့ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်ကံအများ ရှိရာဝယ် ပဋိသန္ဓေအကျိုးကို ပေးရန် အခွင့်သာ သော ကံတစ်ပါးပါးသည် သေခါနီးကာလ၌ ဒွါရ ၆ပါးတို့မှ တစ်ပါးပါးတွင် ထိုက်သလို ထင်လာတတ်သည်။ စုတေခါနီးကာလ၌ စိတ်အစဉ်သည် ထိုထင်လာသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု၍ ရလတ္တံ့သော ဘဝသစ်ကို ညွှတ်၍ နေရလေသည်။ ထိုဘဝသစ်သည်လည်း စင်ကြယ်သော ကုသိုလ်ကံ၊ ညစ်နွမ်းသော အကုသိုလ်ကံတို့ အားလျော်စွာ သုဂတိ-ဒုဂ္ဂတိဘဝများကို ရနိုင်ပေ၏။
ထို့ကြောင့် လူတို့သေခါနီးကာလ၌ အာရုံနိမိတ်ထင်ခြင်းသည် မိမိတို့ ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်ကံကြောင့် သာလျှင် ဖြစ်ပါသည်။

၂၀၁၀-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သုံးဆယ့်တစ်ဘုံ အလုံးစုံကို ရေတွက်ပြ၍ (က) ပုထုဇဉ် မပါ အရိယာသာ ရှိသောဘုံ (ခ) အရိယာမပါ ပုထုဇဉ်သာ ရှိသောဘုံတို့ကိုလည်း ဖြေဆိုပါ။
သုံးဆယ့်တစ်ဘုံ အလုံးစုံကို ရေတွက်ပြရသော် –
အပါယ် = ၄ဘုံ
ကာမသုဂတိ = ၇ဘုံ
ရူပ = ၁၆ဘုံ
အရူပ = ၄ဘုံ


ပေါင်း = ၃၁ဘုံ

(က) ပုထုဇဉ်မပ် အရိယာသာ ရှိသောဘုံမှာ-
(၁) အဝိဟာဘုံ
(၂) အတပ္ပါဘုံ
(၃) သုဒဿာဘုံ
(၄) သုဒဿီဘုံ
(၅) အကနိဋ္ဌဘုံတည်းဟူသော သုဒ္ဓါဝါသ (၅)ဘုံ ဖြစ်ပါသည်။

(ခ) အရိယာမပါ ပုထုဇဉ်သာ ရှိသောဘုံမှာ –
(၁) အပါယ် = ၄-ဘုံ
(၂) အသညသတ်ဘုံ = ၁-ဘုံ တို့ဖြစ်ကြပါသည်။

၂။ အတိတ်ကံက အရိပ်သဏ္ဌာန်လို လိုက်နေတယ်ဟူသော စကား၌ ကံဟူသမျှ ပြုစဉ်ခဏ၌သာ အရိပ်သဏ္ဌာန်လို အကျိုးပေးပါသလော၊ အကျိုးပေးရာကာလ၏ အစွမ်းဖြင့် ခွဲခြားဖြေဆို၍၊ စေတနာတိုင်း ကံ မည်/မမည် အကျိုးပေးရာ ဌာန၏ အစွမ်းဖြင့် ဖြေဆိုပါ။
အတိတ်ကံက အရိပ်သဏ္ဌာန်လို လိုက်နေတယ်ဟူသော စကား၌ ကံဟူသမျှ ပြုစဉ်ခဏ၌ အရိပ်သဏ္ဌာန်လို အကျိုးပေးခြင်း မဟုတ်ပါ။
အကျိုးပေးရာ ကာလအစွမ်းအားဖြင့် ခွဲခြား ဖြေဆိုပြရသော် – (၂၀၀၃-ခုနှစ်၊ မေးခွန်းနံပါတ် (၁))

စေတနာတိုင်း ကံ မမည်ပါ။ အကြောင်းမှာ –
ကံဟူသည် ထိုထိုဘုံဌာနများ၌ ပဋိသန္ဓေကျိုး – ပဝတ္တိကျိုးတို့ကို ပေးစေနိုင်ပါသည်။ ဤသို့ အကျိုးပေးနိုင်သော ကံများတွင် အကုသိုလ်စေတနာ (ကံ) ၁၂ပါး၊ ကာမကုသိုလ်စေတနာ (ကံ) ၈ပါး၊ ရူပကုသိုလ်စေတနာ (ကံ) ၅ပါး၊ အရူပကုသိုလ် စေတနာ (ကံ) ၄ပါးသာ ပါဝင်၍ လောကုတ္တရာ ကုသိုလ်စေတနာ (ကံ) ၄ပါး မပါဝင်ခြင်းကြောင့် ဖြစ်ပါသည်။

၃။ ဒေါသရှေ့ထား အမှားများစွာ ဟူသော စကားနှင့်အညီ ဒေါသတစ်ခုကြောင့် ဖြစ်ပေါ်လာနိုင်သော မကောင်းကျိုးများကို ဖော်ပြ၍၊ တူသောအကျိုးကို ပေးသောကံ၊ တူ/မတူ အကျိုး နှစ်မျိုးစုံကို ပေးသောကံတို့ကို ခွဲခြားဖြေဆိုပါ။
အကျိုး နှစ်မျိုးစုံကို ပေးသောကံတို့ကို ခွဲခြားဖြေဆိုပါ။

ပါဏာတိပါတ – စသော ဒေါသအကုသိုလ်စေတနာကြောင့် –
ပဋိသန္ဓေအခါ – အပါယ် ၄ဘုံ၌ = အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁ပါုး
ပဝတ္တိအခါ – ကာမ ၁၁-ဘုံ၌ = အကုသလဝိပါက်စိတ် = ၇ပါး
(အသညသတ်ကြဉ်) (ဃာန၊ ဇိဝှါ၊ ကာယကြဉ်)
ရူပ ၁၅ဘုံ၌ = အကုသလဝိပါက်စိတ် = ၄ပါး ဟူသော မကောင်းကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။

တူသောအကျိုးပေးသောကံ = မဟဂ္ဂုတ်ကုသိုလ်ကံ၊ လောကုတ္တရာကိုကုသိုလ်ကံများ။
တူ-မတူအကျိုး နှစ်မျိုးစုံကို ပေးသောကံ = ကာမ (ကုသိုလ်၊ အကုသိုလ်)ကံများ။

၎။ ဗြဟ္မာဗိဿနိုး တန်ခိုးကြီးမား ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် သတ္တဝါတွေ ဖြစ်ပေါ်လာရသည်ဟူသော စကား မှန်/မမှန် အဘိဓမ္မာအမြင်ဖြင့် ဝေဖန်ပြ၍၊ သံသရာစက်ရဟတ် အဆက်မပြတ် လည်ပုံကိုလည်း ဖြေဆိုပါ။
ဗြဟ္မာဗိဿနိုး တန်ခိုးကြီးမား ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်ပေါ်လာသည်ဟူသော စကား မမှန်ပါ။
(၂၀၀၀-ခုနှစ်၊ မေးခွန်းနံပါတ် (၂) တွင်ကြည့်ပါ။)

သံသရာစက်ရဟတ် အဆက်မပြတ် လည်ပုံ –
(၂၀၀၁-ခုနှစ်၊ မေးခွန်းနံပါတ် (၄)တွင် ကြည့်ပါ။)

၂၀၁၁-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၎။ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ သို့ ရောက်ရန် ပွားများရမည့်တရားနှင့် ထိုဗြဟ္မာတို့ နေရာဌာန၊ သက်တမ်းတို့ကို ဖော်ပြ၍ အကျိုးပေးခွင့် မရသင့်၊ ရသင့်လေပြန် ကျိုးမသန်၊ ရပြန်အကျိုး မဖွံ့ဖြိုး ဟူသော စကားရပ်၌ ဖြစ်သင့်သော ကံကိုလည်း တိကျစွာ ဖော်ပြပါ။
ပွားများရမည့်တရားများမှာ –
ဝေဟပ္ဖိုလ်ဘုံသို့ရောက်ရန် – သာမည ရူပပဉ္စမဈာန်ကုသိုလ်ကို ပွားများရပါသည်။
အသညသတ်ဘုံသို့ရောက်ရန် – နာမ်ပျောက်စေလိုမှုနှင့် ယှဉ်သော ရူပပဉ္စမဈာန်ကုသိုလ်ကို သညာဝိရာဂဘာဝနာ ဖြစ်အောင် ပွားများရပါသည်။
ထိုဗြဟ္မာတို့၏ နေရာဌာနနှင့် သက်တမ်းတို့ကို ဖော်ပြရသော် –
နေရာဌာနမှာ – ရူပ စတုတ္ထဈာန်ဘုံ ဖြစ်ပါသည်။
သက်တမ်းမှာ – မဟာကပ်(ကမ္ဘာ) ငါးရာ ဖြစ်ပါသည်။

အကျိုးပေးခွင့် မရလင့်၊ ရလေပြန် ကျိုးမသန် ၊ ရပြန်အကျိုး မဖွံ့ဖြိုး ဟူသောစကားရပ်၌ ဖြစ်သင့်သော ကံကို တိကျစွာ ဖော်ပြရသော် –
ကပ်၍ နှိပ်စက်တတ်သော ကုသိုလ်၊ အကုသိုလ် စေတနာဖြစ်သော ဥပပီဠကကံဖြစ်ပါသည်။

၅။ ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် ဟုဆိုကြရာ ထိုကံသုံးပါး ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းတရားတို့ကို ဖော်ပြ၍ တရားဟောခြင်း (တရားကို ပေးခြင်း)သည် ဒါနကုသိုလ် ဟုတ်၊ မဟုတ် စစ်တမ်းထုတ်ပြပါ။
ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် ဟုဆိုကြရာ ထိုကံသုံးပါး ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းတရားတို့မှာ –
လောဘ၊ ဒေါသ ၊ မောဟ ဟူသော မူလတရား ၃-ပါးဖြစ်ပါသည်။
တရားဟောခြင်း (တရာကိုပေးခြင်း)သည် ဒါနကုသိုလ် မဟုတ်ပါ။
အကြောင်းမှာ – တရားဟောခြင်းဖြစ်သော ဓမ္မဒေသနာကုသိုလ်သည် ကုသိုလ်တရား တို့ကို အဖန်ဖန် အထပ်ထပ် တိုးပွားစေတတ်သောကြောင့် ဘာဝနာမယဖြစ်သော ပုညကြိယာဝတ္ထု၌ သွင်းယူရပါသည်။ ထို့ကြောင့် တရားဟောခြင်း (ဓမ္မဒေသနာ) သည် ဒါနကုသိုလ် မဟုတ်၊ ဘာဝနာကုသိုလ်သာ ဖြစ်ပါသည်။

၆။ လူသားတို့သေဆုံးရခြင်း၏ အကြောင်းတရားများကို အချိန်ရောက်မှသေခြင်း (ကာလမရဏ) အချိန်မရောက်ခင် သေခြင်း (အကာလမရဏ) အားဖြင့် ခွဲခြားပြ၍၊ စုတေခါနီးအခါ ထင်လာသော အာရုံနိမိတ်များထဲမှ ဂတိနိမိတ်ထင်လာပုံ ကို သိသာရုံမျှ ဖော်ပြပါ။
လူသားတို့သေဆုံးရခြင်း၏ အကြောင်းတရားများကို အချိန်ရောက်မှသေခြင်း (ကာလမရဏ) အချိန်မရောက်ခင် သေခြင်း (အကာလမရဏ) အားဖြင့် ခွဲခြားပြရသော် –
ကာလမရဏ = ၃-ပါး
အကာလမရဏ = ၁-ပါး


ပေါင်း သေခြင်းမရဏ = ၄-ပါး ဖြစ်ပါသည်။

ထိုတွင် ကာလမရဏ ၃-ပါးမှာ –
(၁) အာယုက္ခယ မရဏ = အသက်တမ်းကုန်၍ သေခြင်း
(၂) ကမ္မက္ခယ မရဏ = ကံစွမ်းကုန်၍ သေခြင်း
(၃) ဥဘယက္ခယ မရဏ = အသက်တမ်း ကံစွမ်း နှစ်ပါးကုန်၍ သေခြင်းတို့ ဖြစ်ပါသည်။

အကာလမရဏ ၁-ပါးမှာ –
ဥပစ္ဆေဒက မရဏ = ကံဆိုးဖြတ်ချွေ လတ်တလော သေခြင်း ဖြစ်ပါသည်။

စုတေခါနီးအခါ ဂတိနိမိတ် ထင်လာပုံကို သိသာရုံ ဖော်ပြရသော် –
လားရောက်ရမည့်ဘဝ၌ တွေ့ကြုံမည့် ဂတိနိမိတ်နှစ်ပါးမှာ –
(၁) ဥပလဘိတဗ္ဗ ဂတိနိမိတ် = အမိဝမ်းရေ၊ ငရဲဘုံ၊ နတ်ဘုံဗိမာန် စသည်တို့သည် တိုက်ရိုက် ရောက်ထိုက်သလို ထင်လာ၏
(၂) ဥပဘောဂ ဘူတ ဂတိနိမိတ် = အိုးအိမ် ၊ ငရဲမီး ၊ ငရဲထိန်း ၊ နတ်သမီး ၊ ဥယျာဉ် ပဒေသာပင် စသည့် အသုံးဆောင် အခြွေအရံများ ထင်လာပါသည်။

၇။ လောာက်လန်းသဖွယ် ဝိညာဉ်တွယ် ဟူသော စကားမှန်၊ မမှန် ရှင်းပြ၍ တစ်ဘဝ၌ ဖြစ်ကြသော ပဋိသန္ဓေ၊ ဘဝင်၊ စုတိ တို့၏ အဓိပ္ပါယ်ကိုလည်း အသီးသီး ရှင်းပြပါ။
လောာက်လန်းသဖွယ် ဝိညာဉ်တွယ် ဟူသောစကားသည် မမှန်ပါ။
အကြောင်းပြရှင်းပြရသော် – ပဋိသန္ဓေဝိညာဉ်သည် ဥပါဒ်လျှင် ဥပါဒါခြင်း ဘဝသစ်၌ တည်သောကြောင့် ဖြစ်ပါသည်။ ယခုဘဝ စုတေပြီးသည်နှင့် တစ်ပြိုင်နက် ဘဝတစ်ပါး၌ ပဋိသန္ဓေစိတ် ချက်ချင်းဖြစ်ပါသည်။

လောက်လန်းသတ္တဝါကဲ့သို့ အမှီအတွယ်ရပါမှ စွန့်လွှန်သည်မဟုတ်၊ ဘဝဟောင်း၌ ဥပါဒ်ခဲ့ပြီး ဌီအခိုက်ကျမှ ဘဝသစ်သို့ ပြောင်းရွှေ့သည် မဟုတ်ပါ။ သို့ဖြစ်၍ လောက်လန်းသဖွယ် ဝိညာဉ်တွယ် ဟူသော စကား မမှန်ရခြင်း ဖြစ်ပါသည်။

တစ်ဘဝ၌ ဖြစ်ကြသော ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့၏ အဓိပ္ပာယ်မှာ –
ပဋိသန္ဓေ = ဘဝဟောင်းနှင့် ဘဝသစ်ကို ပြတ်တောက်မသွားအောင် ဆက်စပ်ပေးခြင်သဘော
ဘဝင် = ရရှိပြီးသော ဘဝကို တည်တံ့အောင် စောင့်ရှောက်ပေးခြင်းသဘော ဘဝ၏ အကြောင်းအင်္ဂါ
စုတိ = ရရှိပြီးသောဘဝမှ လျောကျ ပျက်စီးသေဆုံးခြင်းသဘောတို့ ဖြစ်ကြပါသည်။

၂၀၁၂-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၁။ သုံးဆယ့်တစ်ဘုံတွင် ပါဝင်သော ဒုဂ္ဂတိ (မကောင်းသော လားရာဘုံ)တို့ကို တိကျစွာ ဖော်ပြ၍၊ အပါယ်ဘုံ၊ အသညသတ်ဘုံတို့၌ ရနိုင်သောပုဂ္ဂိုလ်၊ မရနိုင်သောပုဂ္ဂိုလ်တို့ကိုလည်း ခွဲခြား ဖြေဆိုပါ။
သုံးဆယ့်တစ်ဘုံတွင် ပါဝင်သော ဒုဂ္ဂတိ (မကောင်းသော လားရာဘုံ) များမှာ –
(၁) ငရဲဘုံ၊
(၂) တိရစ္ဆာန်ဘုံ၊
(၃) ပြိတ္တာဘုံ၊
(၄) အသုရကာယ်ဘုံ၊ ပေါင်း အပါယ် ၄ဘုံ ဖြစ်ပါသည်။

အပါယ်ဘုံ၊ အသညသတ်ဘုံတို့၌ ရနိုင်သော ပုဂ္ဂိုလ်မှာ –
အပါယ်ဘုံ၌ ရနိုင်သော ပုဂ္ဂိုလ် = ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်
အသညသတ်ဘုံ၌ ရနိုင်သောပုဂ္ဂိုလ် = သုဂတိအဟိတ်ပုဂ္ဂိုလ် ဖြစ်ပါသည်။

အပါယ်ဘုံ၌ မရနိုင်သောပုဂ္ဂိုလ်မှာ –
(ဒုဂ္ဂိတိအဟိတ်ပုဂ္ဂိုလ် ကြဉ်သော်)
ပုထုဇဉ် ပုဂ္ဂိုလ် = ၃ယောက်
အရိယာပုဂ္ဂိုလ် = ၈ယောက်


ပေါင်း ပုဂ္ဂိုလ် = ၁၁ယောက်

အသညသတ်ဘုံ၌ မရနိုင်သောပုဂ္ဂိုလ်မှာ –
(သုဂတိအဟိတ်ပုဂ္ဂိုလ် ကြဉ်သော်)
ပုထုဇဉ် ပုဂ္ဂိုလ် = ၃ယောက်
အရိယာပုဂ္ဂိုလ် = ၈ယောက်


ပေါင်း ပုဂ္ဂိုလ် = ၁၁ယောက် ဖြစ်ပါသည်။

၂။ သုဒ္ဓါဝါသ ငါးဘုံကို သက်တမ်းနှင့်တကွ တွဲစပ်ပြ၍ စိတ်ပျံ့လွင့်နေသော ပုဂ္ဂိုလ် အပါယ်ကျနိုင် – မကျနိုင်ကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှင်းလင်းပြပါ။
သုဒ္ဓါဝါသ ငါးဘုံကို သက်တမ်းနှင့်တကွ တွဲစပ်ပြရသော် –
အဝိဟာဘုံ = ကမ္ဘာ ၁၀၀၀
အတပ္ပါဘုံ = ကမ္ဘာ ၂၀၀၀
သုဒဿာဘုံ = ကမ္ဘာ ၄၀၀၀
သုဒဿီဘုံ = ကမ္ဘာ ၈၀၀၀
အကနိဋ္ဌဘုံ = ကမ္ဘာ ၁၆၀၀၀ ဖြစ်ပါသည်။

စိတ်ပျံ့လွင့်နေသော ပုဂ္ဂိုလ် အပါယ် ကျနိုင်-မကျနိုင် ရှင်းပြရသော် –
စိတ်ပျံ့လွင့်နေသော ပုဂ္ဂိုလ်သည် အပါယ် မကျနိုင်ပါ။
အကြောင်းမှာ – ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁ပါးသည် ပဋိသန္ဓေအခါ အပါယ်၎ဘုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (၁)ပါးကို ဖြစ်စေ၏ ဟုဆိုသောကြောင့် စိတ်ပျံ့လွင့်နေရုံမျှဖြင့် မပါယ်မကျနိုင်၊ စိတ်ပျံ့လွင့်နိုင်ခြင်း သဘောရှိသော ဥဒ္ဓစ္စ စေတနာသည် အပါယ်ပဋိသန္ဓေအကျိုးပေးရာတွင် မပါဝင်သောကြောင့် အပါယ်မကျနိုင်ခြင်း ဖြစ်ပါသည်။

၃။ ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာမရှိဘဲ အေးမြငြိမ်းချမ်းဖွယ်ရှိသည်ဟု သညာနှင့်တကွ စိတ်၊ စေတသိက် အားလုံးတို့အပေါ်၌ စက်ဆုပ်အောင် (သညာဝိရာဂဘာဝနာ) အဘယ်ဈာန်ကို ပွားများရမည်၊ အဘယ်ဘုံသို့ ရောက်နိုင်သည်ကို တင်ပြ၍၊ ကံ၏အာရုံ (ကမ္မနိမိတ်) အမျိုးအစားကိုလည်း အဓိပ္ပါယ်နှင့်တကွ ရှင်းပြပါ။
ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာမရှိဘဲ အေးမြငြိမ်းချမ်းဖွယ်ရှိသည်ဟု သညာနှင့်တကွ စိတ်၊ စေတသိက် အားလုံးတို့အပေါ်၌ စက်ဆုပ်အောင် (သညာဝိရာဂဘာဝနာ) အဖြစ် ပွားများပုံမှာ –
(၂၀၀၁-ခုနှစ်၊ မေးခွန်းနံပါတ် ၄-အဖြေကို ကြည့်ပါ။)

ကံ၏အာရုံ (ကမ္မနိမိတ်) အမျိုးအစားများကို အဓိပ္ပါယ်နှင့်တကွ ရှင်းပြရသော် –
(၁) ဥပလဒ္ဓ ကမ္မနိမိတ် နှင့်
(၂) ဥပကရဏ ကမ္မနိမိတ် ဟူ၍ နှစ်မျိုးရှိ၏။

– ကံနှင့်စပ်၍ တိုက်ရိုက် ရအပ်ဖူးသော ပဓာနအာရုံသည် ဥပလဒ္ဓ ကမ္မနိမိတ် မည်၏။
– ကံပြီးမြောက်ဖို့ရာ အခြံအရံအဆောက်အဦးမျှဖြစ်သော အပဓာနအာရုံသည် ဥပကရဏ ကမ္မနိမိတ် ဖြစ်ပါသည်။

၂၀၁၃-ခုနှစ် ဝီထိမုတ်ပိုင်း(ဘုံပိုင်း) မေးခွန်းဟောင်းများ

၎။ သံသရာလမ်း ခရီးကြမ်းဝယ် လျှောက်လမ်းကြငြား ပုဂ္ဂိုလ်များတွင် သက်တမ်းရှည်ကြာနေထိုင်ခွင့်ရသော ပုဂ္ဂိုလ်ကို (က) ပဋိသန္ဓေစိတ်၊ (ခ) သက်တမ်းတို့နှင့်တကွ တွဲစပ်ပြပါ။
သံသရာလမ်း ခရီးကြမ်းဝယ် လျှောက်လမ်းကြငြား ပုဂ္ဂိုလ်များတွင် သက်တမ်းရှည်ကြာနေထိုင်ခွင့်ရသော ပုဂ္ဂိုလ်မှာ –
နေဝသညာ နာသညာယတနဗြဟ္မာ ဖြစ်ပါသည်။
(က) ပဋိသန္ဓေစိတ်မှာ – နေဝသညာ နာသညာယတန ဝိပါက်စိတ်၊
(ခ) သက်တမ်းမှာ – (မဟာကပ်) ကမ္ဘာ ရှစ်သောင်းလေးထောင်၊

၅။ နေ့စဉ်မပျက် ကျင့်ဝတ်ထား၍ ပြုလုပ်အပ်သည့် ကံ၏အမည်ကို ရေးသားပြ၍၊ အကုသိုလ် ဒုစရိုက် ပြုလုပ်သူတို့အား အဓိက တိုက်တွန်းပေးသော အရင်းခံတရားနှင့် မှားသော အယူဝါဒကို ယူကြသောပုဂ္ဂိုလ်တို့၏ အဓိကအကြောင်းတရားတို့ ကိုလည်း ဖော်ပြပါ။
နေ့စဉ်မပျက် ကျင့်ဝတ်ထား၍ ပြုလုပ်အပ်သည့် ကံမှာ – အာစိဏ္ဏကံ၊
အကုသိုလ်ဒုစရိုက် ပြုလုပ်သူတို့အား အဓိက တိုက်တွန်းပေးသော အရင်းခံတရားမှာ – လောဘနှင့်မောဟ၊
မှားသောအယူဝါဒကို ယူကြသောပုဂ္ဂိုလ်တို့၏ အဓိက အကြောင်းတရားမှာ – လောဘ၊

၆။ ရုပ်နာမ်နှစ်ဝ သင်္ခါရတို့ အသက်ရှည်ကြာ တည်ကြရာဝယ် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်တို့ကို ရွေးချယ်ပြ၍၊ လားရာဂတိ မြဲမရှိသော ပုထုဇဉ်လူသားများ ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းသွားသောအခါ ရောက်နိုင်သော ဘုံဌာနတို့ကိုလည်း ရွေးချယ်စိစစ်ပြပါ။
ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်မှာ – အသညသတ်ဗြဟ္မာ၊

ပုထုဇဉ်လူသားများ ရောက်နိုင်သော ဘုံဌာနများမှာ –
ကာမ = ၁၁ဘုံ
ဝေဟပ္ဖိုလ်တိုင်အောင် ရူပ = ၁၀ဘုံ
အသညသတ် = ၁ဘုံ
အရူပ = ၄ဘုံ


ပေါင်း = ၂၆ဘုံ

Leave a Reply

Your email address will not be published. Required fields are marked *